ရန်ကုန်မြို့ရှိ အထက်တန်းကျောင်းတစ်ခု၌ Grade-6 ကျောင်းသား(၂)ဦးစကားများရန်ဖြစ်ရာမှ ခဲတံချွန်ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့ရာကျောင်းသား တစ်ဦးသေဆုံး
သန့်ဇင် (NSS) - ဇွန် ၇
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ အထက်တန်းကျောင်းတစ်ခု၌ Grade-6 ကျောင်းသား(၂)ဦးစကားများရန်ဖြစ်ရာမှ ခဲတံချွန်ဓားဖြင့် ထိုးမှုဖြစ်ပွားခဲ့ရာကျောင်းသား တစ်ဦးသေဆုံးသွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၆ ရက်)၊ နံနက်ပိုင်းအချိန်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အောင်မင်္ဂလာ(၅)လမ်းရှိ လေးထောင့်ကန် အထက်တန်းကျောင်း၏ ကျောင်းမုန့်ဈေးတန်းတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအထက်တန်းကျောင်း၏ ဆဋ္ဌမတန်း-ခ တွင် အတူပညာသင်ယူနေသော မောင်ကောင်းစည်သူနှင့် မောင်ဇင်မင်းခန့်တို့(၂)ဦးမှာ ကျောင်း၏မုန့်ဈေးတန်းတွင် စကားများရန်ဖြစ်ကြရာ မောင်ကောင်းစည်သူက ၎င်း၏ ကျောပိုးအိတ်ထဲတွင် အသင့်ပါလာသော ခဲတံချွန်ဓားဖြင့် မောင်ဇင်မင်းခန့်ကို ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ခဲတံချွန်ဓားဖြင့် ထိုးသတ်ခံရမှုကြောင့် မောင်ဇင်မင်းခန့်(၁၃)နှစ်တွင် ဝဲဘက်ရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့နောက် သေဆုံးသူ မောင်ဇင်မင်းခန့်ကို သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကျူးလွန်သူ မောင်ကောင်းစည်သူကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းက (ပ)၅၈၇/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အခြေခံပညာကျောင်းများ၌ ပညာသင်ယူနေသော ကျောင်းသား/သူများတွင် အသက်သေစေနိုင်သော ခဲတံချွန်ဓားများကို ကိုင်ဆောင်အသုံးပြုခွင့်ကိုတားမြစ်သင့်ကြောင်း ကျောင်းသားမိဘတစ်ဦးက အကြံပြုပြောဆိုထားသည်။
“အမှန်က ကလေးတွေက ၁၀ နှစ်အောက် ၁၅နှစ်အောက်ဆိုရင် ခဲတံချွန်စက်ပဲကိုင်သင့်တယ်။ အဲဒီလိုမျိုးသတ်မှတ်သင့်တယ်။ အခုနောက်ပိုင်းမှာ ကလေးတွေက လက်ရဲဇက်ရဲဖြစ်လာပြီ။ အဲဒါတွေကလည်း online ကြောင့်ဖြစ်လာတာလေ။ Game တွေကြောင့် ဖြစ်နေတာ”ဟု ကျောင်းသားမိဘတစ်ဦးက NSS သို့ပြောသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဇွန်လ ၃ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံး၌ ဖွင့်လှစ်သင်ကြားပေးနေလျက်ရှိရာ ကျောင်းသား/သူ(၆၄၁၄၇၉၉)ဦး တက်ရောက် ပညာသင်ယူနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့ပထမဆုံး ဘူမိဥယျာဉ်ဖြစ်သော ပုပ္ပားတောင်ဘူမိဥယျာဉ်၌ ဘူမိအခြေပြုခရီးသွားလုပ်ငန်းလုပ်ရန် ကွင်းဆင်းလေ့လာကြည့်ရှုမှုများ ဆောင်ရွက်မည်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း