ယူကရိန်းအစိုးရက လျှပ်စစ်ဓာတ်အားကဏ္ဍပြုပြင်ရန် ရန်ပုံငွေအတွက် လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံ
ALynn (NSS) - ဇွန် ၂
ရုရှားလေကြောင်းတိုက်ခိုက်မှုအပြီး ပျက်စီးသွားသော နိုင်ငံ၏ ဓာတ်အားအခြေခံအဆောက် အအုံများ ပြုပြင်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ယူကရိန်းအစိုးရသည် သုံးစွဲသူများ၏ ဓာတ်အားအခွန်ခကို ၆၀ ရာခိုင်နှုန်းထိ တိုးမြှင့်လိုက်ကြောင်း နိုင်ငံပိုင်ဓာတ်အားလိုင်း အော်ပရေတာ Ukrenergo က ၎င်း၏တရားဝင် Telegram ချန်နယ်တွင် စနေနေ့ (ဇွန်လ ၁ ရက်) က ကြေညာခဲ့သည်။
ရုရှား၏ ခရိုင်းမီးယားတံတားကို ဗုံးကြဲအပြီး ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှစ၍ ရုရှားသည် ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားလာခဲ့သည်။ ယူကရိန်းက ရုရှားရေနံချက်စက်ရုံများနှင့် ရေနံသန့်စင်စက်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ရန် ကြိုးပမ်းမှုများကြောင့် တိုက်ပွဲများကို အရှိန်မြှင့်တင်လာရခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အကြောင်းပြချက်ပေးခဲ့သည်။
Ukrenergo ၏ အဆိုအရ စျေးနှုန်းများတိုးမြှင့်ရန်ဆုံးဖြတ်ချက်ကို ယူကရိန်းဝန်ကြီးများက အတည်ပြုခဲ့ကြောင်းသိရသည်။ အာဏာပိုင်များသည် တစ်ဦးချင်းသုံးစွဲသူများနှင့် စုပေါင်းစားသုံးသူများအတွက် ကီလိုဝပ်တစ်နာရီလျှင် ၄ ဒသမ ၃၂ Hryvnias (ယူကရိန်းငွေကြေး) နှုန်းဖြင့် သတ်မှတ်ထားပြီး ယခင်က ၂ ဒသမ ၆၄ Hryvnias သာ ကောက်ခံခဲ့သည်။ ၎င်းအခွန်နှုန်းထားသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။ တရားဝင် ခန့်မှန်းချက်များအရ အကောက်ခွန်တိုးပြီးနောက် သုံးစွဲသူတစ်ဦးသည် ၎င်း၏ လစဉ် ဓာတ်အားခွန်အတွက် ပျမ်းမျှ ၂၈၅ Hryvnias (၇ ဒေါ်လာ) ခန့် ပိုမိုပေးဆောင်ရမည်ဖြစ်ပါသည်။
အဆိုပါအခွန်အခနှင့်ပတ်သက်၍ ယူကရိန်းစွမ်းအင်ဝန်ကြီး German Glushchenko က “စီမံချက်မှာ ခက်ခဲသော်လည်း လိုအပ်လို့လုပ်ရခြင်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ယခင် အကောက်ခွန်နှုန်းထားသည် လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်၏ သုံးပုံတစ်ပုံသာကာမိပြီး စွမ်းအင်အခြေခံအဆောက်အအုံပျက်စီးမှုအတိုင်းအတာကို အစိုးရက ပြန်လည်ထိန်းသိမ်းရန် မတတ်နိုင်တော့ကြောင်း ဝန်ကြီးက ဆိုသည်။ သို့သော် အခွန်နှုန်းထားသစ်ကို ပေးဆောင်နိုင်ခြင်း မရှိသေးသော အိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့မှုများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စွမ်းအင်ဝန်ကြီးသည် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အဦအပေါ် ရုရှားတိုက်ခိုက်မှုကြောင့် စုပေါင်းဘဏ္ဍာရေးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်ရှိသည်ဟု ယခင်က ခန့်မှန်းခဲ့သည်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmitry Kuleba က ရုရှား၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံ၏ မဟာဓာတ်အားလိုင်း ထက်ဝက်ခန့် ပျက်စီးသွားခဲ့ကြောင်း ပြီးခဲ့သည့်လက ဖော်ပြခဲ့ပြီး နိုင်ငံ၏ အခြေခံအဆောက်အအုံဆိုင်ရာ ဝန်ကြီးဟောင်း Aleksey Kucherenko ကမူ မေလ နှောင်းပိုင်းတွင် ဓာတ်အားထုတ်လုပ်နိုင်မှု ၉၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားကြောင်း ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူဝန်ကြီးချုပ်ဖြစ်ရေးအတွက် ကျော်ဖြတ်ရသောအဆင့်များ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ