နိုင်ငံခြားသားများ တရားမဝင်နေထိုင်ရန် အကူအညီပေးနေသော ကွန်ရက်များကို ထိုင်းရဲတပ်ဖွဲ့ ဖြိုခွင်း
ALynn (NSS) - ဇွန် ၁
ထိုင်းရဲများသည် နိုင်ငံခြားသားများ အထူးသဖြင့် ရုရှားနိုင်ငံသားအများစုကို တရားမဝင် ကာလရှည်ကြာနေထိုင်ခွင့်ရရန် ကုမ္ပဏီများ၏ အမည်ကိုအသုံးချနေသော ကွန်ရက်တစ်ခုကို ဖြိုခွင်းခဲ့ကြောင်း တာဝန်ရှိသူများက သောကြာနေ့ (မေလ ၃၁) ရက်တွင် ဖော်ပြခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာသော အသက် ၄၅ နှစ်အရွယ် ရုရှားအမျိုးသမီးတစ်ဦးသည် ဖူးခက်ပြည်နယ် တောင်ပိုင်းခရိုင်ရှိ ကုမ္ပဏီပေါင်း ၂၇၀ ကျော်၏ အမှုဆောင်တစ်ဦး သို့မဟုတ် အစုရှယ်ယာရှင်အဖြစ် စာရင်းသွင်းခံထားရသော ထိုင်းအမျိုးသမီးတစ်ဦးနှင့် အဆိုပါအစီအစဉ်ကို လုပ်ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ နိုင်ငံခြားသားများသည် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သော်လည်း သတ်မှတ်ထားသည့်ကိစ္စအချို့မှလွဲ၍ ထိုင်းမိတ်ဖက်တစ်ဦးနှင့်ဖက်စပ်လုပ်ကိုင်ရမည်ဖြစ်ပြီး ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းကို ကာကွယ်ရန် နိုင်ငံခြားသားများအနေဖြင့် ၄၉ ရာခိုင်နှုန်းထက်ပို၍ ပိုင်ဆိုင်ခွင့် မရှိပေ။ ယခုဖမ်းဆီးထားသော တရားခံများသည် နိုင်ငံခြားသားများအား ထိုင်းမိတ်ဖက်တစ်ဦးနှင့် စီးပွားရေးလုပ်ငန်းတစ်ခုတွင် အစုရှယ်ယာရှင်အဖြစ် စာရင်းသွင်းနိုင်ရန် သို့မဟုတ် အလုပ်ပါမစ်ရရန်အတွက် ထိုင်းလူမျိုးများပိုင်ဆိုင်သည့် အမည်ခံကုမ္ပဏီကို အသုံးချ၍ ကမ်းလှမ်းမှုများပြုလုပ်ကြောင်း စီးပွားရေးမှုခင်းနှိမ်နင်းရေးဌာနမှ ရဲမှူးက ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံသား ၆၈ ဦးအပါအဝင် စုစုပေါင်းနိုင်ငံခြားသား ၉၈ ဦးကို ခွင့်ပြုမိန့်မရှိဘဲ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် တရားစွဲထားပြီး အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ဘတ် ၁ သန်း (အမေရိကန်ဒေါ်လာ ၂၇,၀၀၀) ချမှတ်နိုင်သည်ဟု ရဲတပ်ဖွဲ့ကပြောသည်။ ထို့ပြင် ထိုင်းနိုင်ငံသား ၃၇ ဦးကိုလည်း ၎င်းကွန်ရက်နှင့် ဆက်နွှယ်နေကြောင်းတွေ့ရှိရသဖြင့် တရားစွဲဆိုထားသည်။ တာဝန်ရှိသူများက အဆိုပါကွန်ရက်သည် ၂၀၁၆ ခုနှစ်ကတည်းက စတင်လည်ပတ်နေကြောင်း၊ သို့သော် ၂၀၂၂ ခုနှစ်တွင် ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးချိန်မှစ၍ ၎င်းကိုသုံးစွဲသူများ သိသိသာသာတိုးပွားလာကြောင်း ပြောကြားခဲ့သည်။ ဖူးခက်သည် အဓိကခရီးသွားလုပ်ငန်းနေရာတစ်ခုဖြစ်ပြီး ရုရှားလူမျိုးများအကြား အထူးရေပန်းစား သည်။ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အစောပိုင်းအထိ အဆိုပါဒေသသို့ ရုရှားနိုင်ငံသား ၉၀,၀၀၀ ကျော် ရောက်ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ထို့ကြောင့် ဖူးခက်တွင် ရုရှားနိုင်ငံသားများ ကုမ္ပဏီမှတ်ပုံတင်သည့် အရေအတွက်မှာလည်း သိသိသာသာတိုးလာသည်ဟု ၎င်းတို့ကဆိုသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တစ်နှစ်လျှင် ရုရှားအမည်ပေါက် ကုမ္ပဏီပေါင်း ၃၀ ခန့်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အစောပိုင်းအထိ ၁,၆၀၀ ကျော်ကို မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အခြေအနေဖြစ်လာသည့် တောင်အာဖရိက အထွေထွေရွေးကောက်ပွဲရလဒ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း