အိုလံပစ်ပြိုင်ပွဲ နှင့် တေလာဆွစ်ဖ်၏ဖျော်ဖြေပွဲတို့၏ လက်မှတ်အတု အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်ပြီး ဗြိတိန်ဘဏ္ဍာရေးအဖွဲ့သတိပေး
Pika (NSS) - မေ ၂၂
အိုလံပစ်ပြိုင်ပွဲနှင့် ကမ္ဘာကျော်အဆိုတော်တေလာဆွစ်ဖ်၏ဖျော်ဖြေပွဲ လက်မှတ်အတုများသည် ယခုနှစ်အတွင်း ဗြိတိန်နိုင်ငံတွင် ပြည်သူများကြုံတွေ့ရနိုင်သည့် အကြီးမားဆုံးအွန်လိုင်းလိမ်လည်မှုနှစ်ခုဖြစ်ကြောင်း ဗြိတိန်ဘဏ္ဍာရေးအဖွဲ့က သတိပေးထားသည်။
ပြီးခဲ့သည့်နှစ်တွင် အချစ်ရေးလိမ်လည်မှု၊ ဝယ်ယူမှုနှင့်ပတ်သက်သော အွန်လိုင်းလိမ်လည်မှုကိုခံခဲ့ရသည့် လူအရေအတွက်မှာ အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း banking lobby အဖွဲ့က အစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက် အဆိုပါသတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါအွန်လိုင်းလိမ်လည်မှု ရာဇဝတ်ဂိုဏ်းများသည် ၂၀၂၃ ခုနှစ်တွင် ပေါင်(၁ ဒသမ ၁၇)ဘီလျံ ခိုးယူခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်မည်ဆိုပါက (၄)ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း banking lobby အဖွဲ့၏ လိမ်လည်မှုနှင့်ပတ်သက်သည့် နှစ်စဉ်အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။ ဗြိတိန်နိုင်ငံတွင် အွန်လိုင်းပလက်ဖောင်းများကို အလွဲသုံးစားလုပ်မှုများ မြင့်တက်လာခြင်းကြောင့် အဆိုပါလိမ်လည်မှုများကို တားဆီးရန်အတွက် ကူညီရန် နည်းပညာကုမ္ပဏီများကို ဗြိတိန်ဘဏ္ဍာရေးအဖွဲ့က တောင်းဆိုခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့်နှစ်တွင် ပြည်သူများသည် ဝယ်ယူမှုနှင့်ပတ်သက်သော လိမ်လည်မှုအဖွဲ့များထံတွင် ပေါင်(၈၆)သန်းခန့် ဆုံးရှုံးခဲ့ရကြောင်း ဗြိတိန်ဘဏ္ဍာရေးအဖွဲ့ကပြောကြားခဲ့သည်။
အဆိုပါပမာဏသည် ၂၀၂၂ ခုနှစ် နှိုင်းယှဉ်မည်ဆိုပါက (၂၈)ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရသည်။ စုစုပေါင်းအားဖြင့် ပြီးခဲ့သည့်နှစ်တွင် လိမ် လည်မှုပေါင်း(၁၅၆၀၀၀)ကျော်ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ ဗြိတိန်ဘဏ္ဍာရေးအဖွဲ့၏ စီးပွားရေးရာဇဝတ်မှုဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာ ဘန်ဒေါ်နယ်ဆန်က 'နှစ်တိုင်း လိမ်လည်မှုသံသရာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ အိုလံပစ်ပြိုင်ပွဲနဲ့ တေလာဆွစ်ဖ်ရဲ့ ဖျော်ဖြေပွဲဟာ ယခုနှစ်အတွက် အကြီးမားဆုံးဥပမာနှစ်ခုဖြစ်ပါတယ်။ ယူရို ၂၀၂၄ ၊ အိုလံပစ်ပြိုင်ပွဲ၊ Glastonbury ပွဲတော် သို့မဟုတ် တေလာဆွစ်ဖ်ရဲ့ ဖျော်ဖြေပွဲလိုမျိုး ပွဲကြီးတွေအတွက် လက်မှတ်တွေကို မြန်မြန်ဆန်ဆန်နဲ့ ဈေးသက်သက်သာသာ ရရှိဖို့အတွက် လူတွေဟာ အွန်လိုင်းမှာ အမြဲတမ်းရှာဖွေမှုတွေ လုပ်ဆောင်လေ့ရှိပါတယ်။ လိမ်လည်တဲ့အဖွဲ့တွေဟာ အဲဒီလိုရှာဖွေမှုတွေနဲ့ပတ်သက်ပြီး အပြင်မှာတကယ်မရှိတဲ့ လက်မှတ်တွေဝယ်ယူဖို့အတွက် လှည့်စားဖို့ အခွင့်အရေးတစ်ခုအဖြစ် အသုံးချပါလိမ့်မယ်”ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာပြည်တွင်း အခြေစိုက် ချင်းလက်နက်ကိုင်အဖွဲ့က အိန္ဒိယ မီဇိုရမ်မှ စစ်သုံးပစ္စည်းများ ခိုးသွင်းနေ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ