တိုင်းဒေသကြီး (၃)ခုရှိ ဆန်စက်များတွင် (၄)နာရီဆက်တိုက် မီးပေးနိုင်ရေး စတင်လုပ်ဆောင်နေပြီး ဆန်ဈေးကျနိုင်မည့် အလားအလာရှိဟုဆို
ယွန်း (NSS) - မေ ၁၅
တိုင်းဒေသကြီး (၃)ခုရှိ ဆန်စက်များတွင် (၄)နာရီဆက်တိုက်မီးပေးနိုင်ရေး စတင်လုပ်ဆောင်နေပြီး ဆန်ဈေးကျလာနိုင်မည့် အလားအလာရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက NSS ကို ပြောသည်။
စပါးများရှိနေသော်လည်း လျှပ်စစ်မီးပုံမှန်မရရှိမှုကြောင့် ဆန် စက်များတွင် ကြိတ်ခွဲမှုပမာဏလျော့နည်းခဲ့ပြီး ဈေးကွက်ထဲ၌ ဆန်ဈေးကြီးမြင့်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“စပါးတွေကရှိတယ်။ လျှပ်စစ်မီးက ပုံမှန်မရတော့ ဆန်စက်တွေကမလည်နိုင်ဘူး။ မနက် တစ်နာရီလောက်ပေးလိုက်။ နေ့ခင်းတစ်နာရီလောက် ပေးလိုက်။ ညနေတစ်နာရီလောက်ပေးလိုက်နဲ့ ပြတ်တောင်း ပြတ်တောင်းပေးတဲ့အခါကျတော့ စက်လည်ဖို့ဆိုတာက သုံးနာရီ၊ လေးနာရီလောက် ဆက်တိုက် လည်နိုင်မှ ဆန်စက်ကလည်နိုင်တာ။ လျှပ်စစ်မီးအနေအထားကြောင့် စပါးကနေ ဆန်ကြိတ်ခွဲတဲ့နေရာမှာ နည်းနည်းလေး အခက်အခဲလေးတွေဖြစ်တော သင်္ကြန်ပြီးတဲ့အချိန်လောက်မှာ ဆန်ဈေးတွေတက် သွားတယ်။ တစ်ဖက်မှာ စပါးတွေက ရှိတယ်။ မီးမမှန်တော့ ဆန်ကြိတ်ရတာမမှန်တော့ ဆန်က အထွက်နည်းတယ်။ အဲဒီတော့ ဆန်ဈေးက တက်သွားတာပေါ့” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
ထို့ကြောင့် စပါးအထွက်များသည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတို့ရှိ ဆန်စက်များတွင် တစ်ရက်လျှင် (၄)နာရီဆက်တိုက် လျှပ်စစ်မီး ပုံမှန်ရရှိရေးကို ညှိနှိုင်းမှုများရှိခဲ့ပြီး လက်ရှိတွင် စတင်လုပ် ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ “တစ်ရက်ကို လေးနာရီလောက်တော့ ဆက်တိုက်ပေးနိုင်အောင် တင်ပြထားပြီးပြီ။ ဟိုဘက်ကလည်း လုပ်နေပါပြီ။ အဓိက ကတော့ ဧရာဝတီရယ်၊ ရန်ကုန်ရယ်၊ ပဲခူးရယ် တိုင်းဒေသကြီးသုံးခု၊ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နဲ့ညှိနှိုင်းပြီးတော့ စလုပ်နေပါတယ်။ ဒီဟာပေးဖို့ကို လျှပ်စစ်ဝန်ကြီးဌာနကို တင်ပြပြီးတော့ သက်ဆိုင်ရာတိုင်းတွေမှာရှိတဲ့ လျှပ်စစ်ဌာနတာဝန်ခံတွေနဲ့ ညှိနှိုင်းပြီးတော့ လုပ်နေပါတယ်။ တစ်ဖက်က သူတို့ရဲ့အခက်အခဲကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ သုံးနာရီနဲ့ လေးနာရီလောက်တော့ ဆက် တိုက်ပေးမှအဆင်ပြေမှာပေါ့နော်။ နောက်ဆုံး တစ်ရက်ခြားပဲပေးမယ်ဆိုလည်း တစ်ရက်ခြားပေါ့”ဟု ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆိုသည်။
လက်ရှိကာလသည် နွေစပါးပေါ်ချိန်ဖြစ်သည့်အပြင် ဆန်စက်များ၌ တစ်ရက်လျှင် (၄) နာရီဆက်တိုက် လျှပ်စစ်မီးရရှိမည်ဆိုပါက ဈေး ကွက်ထဲတွင် ဖြစ်ပေါ်နေသည့် ဆန်ဈေးနှုန်းများသည် ပြန်ကျသွားမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧကပေါင်း (၁၅)သန်းခန့်ရှိခဲ့ပြီး နှစ်စဉ်စပါးထွက်ရှိမှုနှုန်းမှာ တင်းသန်းပေါင်း (၁၀၈၈) သန်းရှိပြီး နွေစပါးစိုက် ဧကပေါင်းမှာလည်း နှစ်သန်းရှိသည့်အတွက် စပါးတင်းသန်းပေါင်း (၂၁၃)သန်းခန့် ထွက်ရှိကြောင်း သိရသည်။ ဈေးကွက်ထဲ၌ သင်္ကြန်ပြီးကာလမှစ၍ ဆန် ဈေးများ ပြန်တက်လာခဲ့ခြင်းကြောင့် ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်ဈေးဆက်မတက်စေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဆန်စပါးအသင်းချုပ်အနေဖြင့် ယခု ဘဏ္ဍာနှစ် (၂၀၂၄-၂၀၂၅) ၏ ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် ပြည်ပဆန်တင်ပို့မှုကို ကိုဗစ်ကာလ မတိုင်ခင်ပို့ခဲ့သည့် စံချိန်ရောက်ရှိရန် တင်ပို့နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အီလွန်မတ်ခ်ရဲ့ဒေါ်လာသတိပေးချက်၊ BRICS ရဲ့ ငွေကြေးအသစ်နဲ့ အမေရိကန်တို့ရဲ့ ကြွေးမြီပြဿနာ (ဘာသာပြန်ဆောင်ပါး)
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း