အကြမ်းဖက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျောင်းများကို လာမည့်ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန် တပ်ချုပ်တိုက်တွန်း
Pearl (NSS) - ဧပြီ ၂၃
အကြမ်းဖက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျောင်းများကို လာမည့်ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်အတွက် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ (ဧပြီလ ၂၂ရက်) တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေး နှင့် ပရိဘောဂများပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် နှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရသည့် ဒေသအချို့တွင်လည်း အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်သင်ကြားနိုင်ရေးဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားထားသည်။
အလားတူ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်ကျောင်းများ ပြန်လည်ကောင်းမွန်စေရေးနှင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နှင့် ကျောင်းနေအရွယ်ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း ၎င်းက ဆက် လက်ပြောသည်။
ထို့ပြင် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်မှုရှိစေရေး၊ ရှိသင့်ရှိထိုက်သည့် စာအုပ်စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုအဓိက အထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများထားရှိနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်က နိုင်ငံတော် အာဏာရယူပြီးနောက်ပိုင်းတွင် ဒေသအချို့၌ တပ်မတော်လုံခြုံရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦးများ နှင့် စာသင်ကျောင်းများသည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ပညာရေးဝန်ထမ်းများသည်လည်း အကြမ်းဖက် သတ်ဖြတ်ခံရမှုများ နှင့် ခြိမ်းခြောက်ခံရမှုများပါရှိနေသည်။
၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွင်း၌လည်း တစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်းများတွင် ကျောင်းအပ်နှံခဲ့သူ (၈၁၀၈၂၂၇)ဦးရှိခဲ့ပြီး ကျောင်းတတ်ခဲ့သူမှာ (၆၇၆၇၇၆၃)ဦးသာရှိ၍ ကျောင်းတတ်ရန် ပျက်ကွက်ခဲ့သူမှာ (၁၃)သိန်းကျော်အထိ ရှိခဲ့ကြောင်း နစက၏ အချက်အလက်များအရသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံတွင် စစ်တပ်မှ ရဟတ်ယာဉ်နှစ်စင်း တိုက်မိကာပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံးသေဆုံး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း