ကျိုက်ထိုမြို့နယ်တွင် သစ်တင်ကားတစ်စီးဘရိတ်ပေါက်၍ နေအိမ်ခြံဝန်းအတွင်းရှိ သစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဧပြီ ၂၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သစ်တင်ကားတစ်စီးဘရိတ်ပေါက်၍ နေအိမ်ခြံဝန်းအတွင်းရှိသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဧပြီလ ၂၁ ရက်) မွန်းလွဲ ၂နာရီ ၁၅မိနစ်အချိန်တွင် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၀/၁၊ ဖက္ကလိမ်ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သစ်တင်တဲ့ကားက ကျိုက်ထိုမြို့ရှောင်လမ်းအတိုင်းမောင်းလာတာမှာ ဘရိတ်ပေါက်ပြီး အနားကအိမ်ခြံဝန်းထဲက သစ်ပင်ကိုဝင်တိုက်မိတာ” ဟု ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်ပေါ်ပါ အမျိုးသား(၆)ဦးအနက် အသက်(၂၀)ကျော်အမျိုးသားတစ်ဦးမှာအခင်းဖြစ်နေရာ၌ ပွဲချင်းသေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား(၅)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“အဲဒီယာဉ်တိုက်မှုမှာက ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးက ဆုံးသွားတာပေါ့။ ကားပေါ်မှာပါတဲ့လူ(၅)ယောက်လောက်ကလည်း ဒဏ်ရာတွေရခဲ့ပါတယ်။ အရင်ကတော့အဲဒီနေရာတွေမှာ အခုလိုဖြစ်တာမကြားမိဘူး။ အခုလိုဖြစ်တော့ ဘယ်လိုပဲဖြစ်ဖြစ် ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးပြီးမှမောင်းစေချင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသား နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်းနှင့် ပဒုမ္မာလူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းက နိုင်နိုင်ခြေရှိသေးကြောင်း သမ္မတဇီလန်စကီးပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း