အမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ ပွဲချင်းပြီးသေဆုံး
စော (NSS)- ဧပြီ ၂၀
နေပြည်တော်-မန္တလေးအမြန်လမ်း၌ ကားတစ်စီး ဘီးပေါက်၍ လမ်းဘေးထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်းဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စကားအင်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ယမန်နေ့(ဧပြီလ ၁၉ ရက်)၊ ည ၁၀ နာရီဝန်းကျင်အချိန်တွင် နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၆/၄) နှင့် (၃၃၆/၅) ကြား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါယာဉ်မှာ Mitsubishi Challenger အမျိုးအစား အဖြူရောင်ယာဉ်တစ်စီးဖြစ်ပြီး ရေနံချောင်းမြို့မှထွက်ခွာလာစဉ် အခင်းဖြစ်ပွားရာနေရာအရောက်၌ ယာဉ်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရှေ့ညာဘက်ဘီး ပေါက်တာကနေပြီးတော့ လမ်းဘေးကို ဆင်းသွားတာပေါ့။ လာတာက တော့ ရေနံချောင်းကလို့တော့ သိရတယ်။ ယာဉ်မောင်းပွဲချင်းပြီး ဆုံးသွားတာပါ”ဟု စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသား (၄)ဦးနှင့် အမျိုး သမီး (၃)ဦးအနက် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ပြီး ကျန်(၆)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ကို တံတားဦးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယခုနှစ် ဇန်နဝါရီလမှ မတ်လအတွင်း အမြန်လမ်း၌ ယာဉ်တိုက်မှုပေါင်း (၄၄)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ (၉၂)ဦးနှင့် သေဆုံးသူ (၂၆)ဦး ရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံဆေးခန်းများကို တိုက်ခိုက်ခြင်းအပေါ် ဆေးကောင်စီနှင့် ပုဂ္ဂလိကဆေးရုံများအသင်းတို့ ကန့်ကွက်ရှုတ်ချ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း