အိန္ဒိယနိုင်ငံ မိုင်းတွင်းမှာ ကမ္ဘာ့အကြီးဆုံး မြွေအရိုးစု ရုပ်ကြွင်း ရှာဖွေတွေ့ရှိ
ရောင်နီ (NSS) - ဧပြီ ၂၀
အိန္ဒိယနိုင်ငံမှာ လီဂနိုက် သတ္တုတွင်းတစ်ခုမှ နှစ်ပေါင်း ၄၇ သန်း သက်တမ်းရှိ မြွေအရိုးကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရှိခဲ့ပါတယ်။
အရှည် ၁၅ မီတာအထိ အထိ ရှည်လျားတယ်လို့ ခန့်မှန်းခြေရှိတဲ့ မြွေ ကျောရိုး ၂၇ ခု ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ဧပြီ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
Vasuki indicus လို့ အမည်ပေးထားတဲ့ အဆိုပါ မြွေကြီးဟာ မျက်မှောက်ခေတ် စပါးအုံးမြွေကြီးနဲ့ ဆင်တူမယ်လို့ ဆိုပါတယ်။
၎င်းရဲ့ကြီးမားတဲ့ အရွယ်အစားကိုထည့်သွင်းစဉ်းစားမယ်ဆိုရင် Vasuki ဟာ အန်နာကွန်ဒါနဲ့ စပါးအုံးမြွေတွေလို သားကောင်ကို နှေးကွေးစွာ ချောင်းမြောင်းအမဲလိုက်တဲ့ မြွေအမျိုးအစားဖြစ်ပြီး၊ ကမ်းရိုးတန်းနားက စိမ့်တောတွေ ထဲမှာ နေထိုင်လေ့ရှိတယ် လို့ Indian Institute of Technology Roorkee (IITR) မှ palaeontology မှ ပါရဂူ ဘွဲ့လွန်သုတေသနပညာရှင် ဒေါက်တာ ဒီဘာဂျက်ဒက်တာ က ပြောကြားခဲ့ပါတယ်။
Vasuki အကြွင်းအကျန်အရ အလေးချိန် ခန့်မှန်း မက်ထရစ်တစ်တန် ရှိမယ်လို့ အကြမ်းဖျင်း ခန့်မှန်းထားပါတယ်။
အဆိုပါမြွေကြီးဟာ ၂၀၀၉ ခုနှစ်က ကိုလံဘီယာနိုင်ငံ မြောက်ပိုင်းရှိ ကျောက်မီးသွေးတွင်းတစ်ခုထဲက ရှာဖွေတွေ့ရှိခဲ့တဲ့ သမိုင်းမတင်မီခေတ် မြွေကြီးဖြစ်တဲ့ Titanoboa နဲ့ ခေတ်ပြိုင်ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
Vasuki မြွေကြီး စားသောက်ခဲ့တဲ့ အစားအစာတွေကို သေချာ မခန့်မှန်းနိုင်ပေမယ့် ၎င်းရဲ့ အရွယ်အစားအရ မိကျောင်းများ၊ လိပ်များ၊ ငါးတို့ကို စေားသောက်ခဲ့မယ်လို့ ယူဆထားပါတယ်။
Vasuki ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၉၀ ခန့်က ပေါ်ထွန်းခဲ့တဲ့ Madtsoiidae မြွေမျိုးရိုးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၁၂,၀၀၀ ခန့်က မျိုးသုဉ်းသွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါမြွေတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၀ ခန့်က အိန္ဒိယတိုက်ငယ်မှ ယူရေးရှား တောင်ပိုင်းနဲ့ မြောက်အာဖရိကကို ပျံ့နှံ့သွားခဲ့ခြင်းဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယူးဇီလန်မှာ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး သေဆုံးမှုကြောင့် သိုး ၁ ကောင် ပစ်သတ်ခံရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ