အစ္စရေးနှင့် နည်းပညာဆိုင်ရာစာချုပ်ချုပ်ဆိုခြင်းအပေါ် ဆန့်ကျင်ဆန္ဒပြသည့် ဝန်ထမ်း ၂၈ ဦးအား Google က အလုပ်ထုတ်ပစ်ခဲ့
ALynn (NSS) - ဧပြီ ၁၉
Google သည် အစ္စရေးအစိုးရကို Cloud နှင့် AI ဝန်ဆောင်မှုများထောက်ပံ့ရန် စာချုပ်ချုပ်ဆိုခြင်း အပေါ် ဆန္ဒပြကြသည့်ဝန်ထမ်း ၂၈ ဦးအား အလုပ်ထုတ်ပစ်ခဲ့သည်။
“လူမျိုးရေးခွဲခြားခြင်းအတွက် နည်းပညာမရှိ” (No Tech for Apartheid) အမည်ရ ဆန္ဒပြအုပ်စုသည် Google က ဒေါ်လာ ၁ ဒသမ ၂ ဘီလျံတန်ဖိုးရှိ Project Nimbus စာချုပ်ကို ချုပ်ဆိုခြင်းအတွက် ကယ်လီဖိုးနီးယားနှင့် နယူးယောက်ရှိ Google ရုံးများ ရှေ့တွင် ဧပြီလ ၁၆ ရက် (အင်္ဂါနေ့) က ဆန္ဒပြခဲ့ကြသည်။ ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေခဲ့သည့်ဗီဒီယိုဖိုင်များတွင် ရဲများက ဆန္ဒပြအလုပ်သမားများကို ဖမ်းဆီးခဲ့ကြောင်း တွေ့ရသည်။
Google ၏ ဧပြီလ ၁၈ ရက် (ကြာသပတေးနေ့) က ထုတ်ပြန်ချက်တွင် ရုပ်ပိုင်းဆိုင်ရာ ဝတ္တရား နှောင့်ယှက်ခြင်း နှင့် ကုမ္ပဏီ၏ အကျိုးအမြတ်အတွက် ဟန့်တားနှောင့်ယှက်ခြင်းများသည် “ကုမ္ပဏီ၏ မူဝါဒစည်းမျဉ်းများကို ချိုးဖောက်နေပြီး လက်ခံနိုင်ဖွယ်လုပ်ရပ် မဟုတ်ကြောင်း” ဖော်ပြထားသည်။
“ကုမ္ပဏီအဆောက်အဦမှ ထွက်ခွာကျရန် မေတ္တာရပ်ခံချက်များကို မနာခံသည့်အတွက် ဥပဒေအရ ၎င်းဆန္ဒပြသူများကို ဖယ်ရှားရန် ဆောင်ရွက်ခဲ့ရကြောင်း” ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
Google က ယခုစာချုပ်သည် လက်နက် နှင့် စုံစမ်းထောက်လှမ်းရေးဆိုင်ရာဝန်ဆောင်မှုများနှင့် ဆက်စပ်မှုမရှိ ကြောင်း ဖော်ပြထားသည်။ Google CEO Sundar Pichai ၏ ဘလော့တွင် ဆန္ဒပြ အလုပ်သမားများကို သတိပေးချက်များ ဖော်ပြခဲ့သည်။
“ကျွန်ုပ်တို့ကုမ္ပဏီက ထုတ်ကုန်များ ဖန်တီးဖို့နဲ့ အမြင်တွေ ဖလှယ်နိုင်ဖို့ အလုပ်သမားများကို လွတ်လပ်စွာ ဆွေးနွေးဝေမျှခွင့်ရှိတဲ့အလေ့အထကို ကျင့်သုံးပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့က စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီကြီး ဖြစ်တဲ့အတွက် ပြတ်သားတဲ့စည်းမျဉ်းတွေ၊ မျှော်မှန်းချက်တွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ဖော်ကိုင်ဖက် တွေနဲ့ ကုမ္ပဏီရဲ့လုံခြုံရေးကို ထိခိုက်စေမယ့် အပြုအမူလုပ်ရပ်များကို လက်သင့်မခံပါကြောင်း” Google CEO က ဖော်ပြထားသည်။
No Tech for Apartheid အုပ်စုကမူ Google သည် ဆန္ဒပြပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိသည့် ဝန်ထမ်းများကိုလည်း အလုပ်ထုတ်ပစ်ကြောင်း စွပ်စွဲထားသည်။ ထို့ပြင် ဆန္ဒပြသူများသည် လုပ်ငန်းခွင်အတွင်း ဝင်ရောက်နှောင့်ယှက်ခဲ့သည်ဆိုသော Google ၏ စွပ်စွဲချက်မှာလည်း အလိမ်အညာတစ်ခုသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်ကျွန်းများအနီးတွင် လေကြောင်းလမ်းအသစ်များ ဖွင့်လှစ်လိုက်ကြောင်း တရုတ်အစိုးရကြေညာ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း