လှိုင်သာယာမြို့နယ်တွင် ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ တစ်ဦးသေဆုံး၍ (၅)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဧပြီ ၁၈
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် Alphard နှင့် တက္ကစီတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ တစ်ဦးသေဆုံး၍ (၅)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မနောဖြူစင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဧပြီလ ၁၈ ရက်)၊ နံနက် ၉နာရီ ၄၅မိနစ်အချိန်တွင် လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Alphard နဲ့ တက္ကစီတိုက်တာပါ။ Alphard က တောင်ဘက်ကိုအလာမှာ မှော်ဘီဘက်ကိုသွားတဲ့ တက္ကစီနဲ့ မျက်နှာချင်းဆိုင်တိုက်မိတာပါ”ဟု မနောဖြူစင်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် စုစုပေါင်းလူ(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တက္ကစီကားပေါ်မှ အသက်(၄၈)နှစ်အရွယ် ခရီးသည်အမျိုးသမီး တစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဆေးကုသမှုခံယူစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ယာဉ်တိုက်မှုဖြစ်တော့ Alphard က ယာဉ်မောင်းက ရင်ဘတ်အောင့်တယ်၊ ခြေထောက်ထိသွားတယ်။ တက္ကစီက ခရီးသည် အမျိုးသမီးတစ်ဦးကတော့ လှိုင်သာယာဆေးရုံမှာပဲ ဆေးကုနေတုန်းဆုံးသွားတယ်။ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး တစ်ယောက်ကလည်း စိုးရိမ်ရလို့ ရန်ကုန်ဆေးရုံကြီးပို့ပေးထားရတယ်။ အဲဒီနားကကွေ့ကြောလေးမှာက ခဏခဏဖြစ်တဲ့အတွက် ဂရုစိုက်ပြီးမောင်းစေချင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်တွင် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများကို လှိုင်သာယာမြို့နယ်ရှိ ပရဟိတအသင်းများက ရန်ကုန်ဆေးရုံကြီးနှင့် လှိုင်သာယာမြို့နယ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဗြိတိန်မှာ နှစ်သန်းပေါင်း ၂၀၀ ကျော်က ရှင်သန်ခဲ့တဲ့ ဧရာမပင်လယ်တွားသွားသတ္တဝါ ရုပ်ကြွင်းများ ရှာဖွေတွေ့ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း