အညာမှ အပူပိုင်းဒေသဖြစ်သော ရေနံချောင်းမြို့သည် နောင် (၁၅)နှစ်အတွင်း စိမ်းစိုသောအပင်များဖြင့် လူလုပ်အိုအေစစ် ဖြစ်လာနိုင်ဖွယ်ရှိ
စော (NSS) - ဧပြီ ၁၈
အညာမှ အပူပိုင်းဒေသဖြစ်သော ရေနံချောင်း မြို့သည် လာမည့် (၁၅)နှစ်အတွင်း စိမ်းစို သောအပင်များဖြင့် လူလုပ်အိုအေစစ် ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ရေနံ့သာဒင်းဂါးညီနောင်များ သစ်ပင်စိုက်၊ ရေကန်ဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည်အဖွဲ့ကို တည်ထောင်သူ (ကိုရေနံ့သာဒင်းဂါး)က NSS သို့ ခန့်မှန်းသုံးသပ်ပြောကြားသည်။
ယခုအခါ ရေနံချောင်းမြို့ရှောင်လမ်းတစ် လျှောက်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီး ဌာနအပါအဝင် သစ်တောဦးစီးဌာနနှင့် ပရဟိတအဖွဲ့ များက သစ်ပင်များကိုစိုက်ပျိုးလာကြပြီး ရေနံ ချောင်းဒေသတွင် သစ်ပင်များပြန်လည်စိုက်ပျိုးနေကြသည့်အနေအထားမှာ အားတက်ဖွယ်အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။
“ရေနံချောင်းရဲ့အားသာချက်က နောက်ဆုံး ပိတ်၊ သစ်ပင်ဘက်ဂျက်တွေက ရေနံချောင်းမှာပဲစု ပုံကြတာ။ ခုသစ်တောတို့ ဘာတို့ စိမ်းစိုတို့ကလည်း စိုက်တာဆို တမာပင်တွေကို ဧက ၁၀ဝ၊ အပင် တစ်သိန်း၊ နှစ်သိန်း အဲဒီလိုမျိုး စီမံချက်တွေနဲ့စိုက်နေ တာ။ နောက်ပြီးတော့ တမာပင်က ရေနံချောင်းရဲ့ရာသီဥတုနဲ့ကိုက်ညီတဲ့အပြင် ခုနောက်ပိုင်း သူတို့စိုက်တဲ့ အပင်က တော်တော်ဖြစ်ထွန်းလာတာတွေ့တယ်။ နောင် ၁၀နှစ်၊ ၁၅ နှစ်လောက်ဆိုရင် တခြား နေရာတွေက တဖြည်းဖြည်း သစ်ပင်တွေလျော့သွား ပြီးတော့ ကျွန်တော်တို့ ရေနံချောင်းက တဖြည်းဖြည်းသစ်ပင်တိုးလာမှာ။ ရေနံချောင်းအနေအထားက အိုအေစစ်ဖြစ်သွားနိုင်တယ်”ဟု ၎င်းကပြောသည်။
ရေနံချောင်းမြို့သည် အပူပိုင်းဒေသဖြစ်သည့် အတွက် ရေလိုအပ်မှုနည်းပါးသော ညောင်ခြေထောက်ပင်၊ ညောင်ပင်၊ တမာပင်နှင့် ကုက္ကိုပင် အပါအဝင် အကြမ်းခံအပင်များကို အများဆုံး စိုက်ပျိုးလျက်ရှိကြောင်း ၎င်းကပြောသည်။ ထို့ပြင် ၎င်းတို့အနေဖြင့် အပင်များ ရှင်သန်မှုကို ဦးစားပေးကာ အပူဒဏ်ခံနိုင်သော အပင်များကိုသာ အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ “ဒီရေနံချောင်းဘက်မှာ စိမ်းစိုတို့၊ သစ်တောတို့ စိုက်တာ သူတို့က မရှင်မဖြစ်စနစ်နဲ့ စိုက်သွားတာ။ တော်တော်များများစိုက်တာက ရှင်ကိုရှင်မှာ”ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် တာဝန်ရှိသူများအနေဖြင့် သစ်ပင်များစိုက်ပျိုးရာတွင် အပင်အရေအတွက် တစ်ထောင်ကို မိသားစုတစ်စုနှုန်းဖြင့် စောင့်ကြည့်ကာ စိုက်ပျိုးနေခြင်းဖြစ်ပြီး ယခုအတိုင်းဆိုပါက သစ်ပင်များ ရှင်သန်ကြီးထွားရာအတွက် အလားအလာကောင်းသည့် အခြေအနေဖြစ် ကြောင်းလည်း ၎င်းကဆိုသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘဝကို ခက်ခဲစွာရုန်းကန်ခဲ့ရပြီးနောက် ကမ္ဘာ့ဩဇာလွှမ်းမိုးမှုအရှိဆုံးခေါင်းဆောင်ဖြစ်လာသူ (သို့မဟုတ်) တရုတ်သမ္မတ ရှီကျင့်ဖျင်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ