သန်းခေါင်စာရင်းကောက်ယူရန် စာရင်းကောက်ကွက်ပေါင်း(၁၁၀၀၀၀)ခန့်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း (၄၀၀၀၀)ကျော် အသုံးပြု ကောက်ယူမည်
ယွန်း (NSS) - ဧပြီ ၁၀
သန်းခေါင်စာရင်းကောက်ယူရန် စာရင်းကောက်ကွက်ပေါင်း(၁၁၀၀၀၀)ခန့်ရှိပြီး စာရင်းစစ်၊ စာရင်းကောက်စုစုပေါင်း (၄၀၀၀၀)ကျော် အသုံးပြု ကောက်ယူမည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
အထက်ပါအချက်အလက်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဧပြီ(၉)ရက်တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာတွေ့ဆုံပွဲတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထားကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း(၄၂၀၀၀)ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန်လျာထားပြီး နေပြည်တော်တွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း(၁၀၉၄)ဦးခန့်ထား ဆောင်ရွက်ရန်လျာထားကြောင်း သိရသည်။
စာရင်းကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ(De Facto)ဖြင့် အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များ အသုံးပြု၍ ကွန်ပျူတာအထောက်အကူပြု လူတစ် ဦးချင်းကောက်ယူသည့်စနစ်ဖြင့် ကောက်ယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ထိုသို့ကောက်ယူပြီးနောက် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်တွင် ထုတ်ပြန်နိုင်ရေး ၎င်းက ဆက်လက်ပြောသည်။
ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူနိုင်ငံ၊ တန်ပင်ကွန်ဒိုရှိ အပူပေး spa ရေကူးကန်မှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ