ရန်ကုန်-မော်လမြိုင်ရထားလမ်း၌ ကျောက်တင်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကာ အဆိုပါလမ်းပိုင်းတွင် လူစီးရထားများ ပြေးဆွဲမည့်အခြေအနေကို မနက်ဖြန်ဆုံးဖြတ်မည်
စော(NSS) - ဧပြီ ၁၀
ရန်ကုန်-မော်လမြိုင်ရထားလမ်း၌ ကျောက်တင်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရကာ အဆိုပါလမ်းပိုင်းတွင် လူစီးရထားများ ပြေးဆွဲမည့်အခြေအနေကို မနက်ဖြန်ဆုံးဖြတ်မည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ဖြစ်စဉ်မှာ ယနေ့(ဧပြီလ ၁၀ ရက်)၊ နံနက် (၇)နာရီဝန်းကျင်အချိန်က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ရထားလမ်း၊သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိမ်ဆိပ်နဲ့ဒုံဝန်းဘူတာကြားမှာပါ။ ပျက်စီးသွားတာက ရှေ့က မိုင်းခံတွဲက ဘီးတွေ အကုန်ပြုတ်ထွက်ကုန်တယ်။ နောက်က စက်ခေါင်းကလည်း ရထားလမ်း ဘေးကို ထိုးကျသွားတယ်။ ရှေ့က မိုင်းခံတွဲရယ်၊ စက်ခေါင်းရယ်၊ နောက်က ကျောက်တွဲ ၂တွဲရယ် ပျက်စီးသွားတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘဲ ရထားတွင်သာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဒီနေ့ကတော့ ရထားခရီးစဉ်တွေက မဖျက်သိမ်းသေးဘူး။ (ဒီနေ့ မီးရထားစီး)ခရီးသည်တွေကို သထုံဘူတာနဲ့ ကျိုက်ထိုဘူတာကို ကားနဲ့ ရွေ့ပြောင်းပေးမှာ။ လူကြီးတွေက သွားရောက်စစ်ဆေးနေတုန်း၊ သူတို့သွားရောက်စစ်ဆေးပြီးမှ မနက်ဖြန်ရထားထွက်မထွက်က သူတို့က လှမ်းပြီးတော့ အကြောင်းကြားပေးမှာ ဖျက်သိမ်းတယ်/မဖျက်သိမ်းဘူးဆိုတာ သိရမှာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် မတ်လ (၁၈)ရက်က မော်လမြိုင်-ရထားလမ်းပိုင်း၌ ကျောက်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံခဲ့ရပြီးနောက် မတ်လ(၁၉)ရက်မှစကာ အမှတ် (၈၂) အစုန် မော်လမြိုင်- ရန်ကုန်ရထားခရီးစဥ် နှင့် အမှတ် (၈၁) အဆန် ရန်ကုန်- မော်လမြိုင်ရထားခရီးစဥ်များကို ယာယီဖျက်သိမ်းခဲ့ကာ ပြင်ဆင်မှုများပြုလုပ်ပြီးနောက် မတ်လ (၂၅)ရက်တွင် ပြန်လည်ပြေးဆွဲခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ယခုအချိန်အထိ အကြမ်းဖက်သမားများသည် ရထားများ နှင့် ရထားသံလမ်းများကို မိုင်းခွဲဖျက်ဆီးမှု မကြာခဏဆိုသကဲ့သို့ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AFC Futsal Asian Cup 2024 ပြိုင်မည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ကမ္ဘာ့အဆင့်နှင့် အာရှအဆင့်များ မြင့်တက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း