ဘီယာဗိုက်သီချင်းသီဆိုခဲ့သည့် အဆိုတော် မေသူနှင့် သရုပ်ဆောင်အိုကေအပါအဝင် သက်ဆိုင်သူများကို ဗဟန်းရဲစခန်းတွင် အမှုဖွင့်ထား
သန့်ဇင် (NSS) - ဧပြီ ၅
မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်နေသည့် ဘီယာဗိုက်အမည်ရသီချင်းကိုသီဆိုခဲ့သော အဆိုတော် မေသူနှင့် သရုပ်ဆောင်အိုကေအပါအဝင် သက်ဆိုင်သူများကို ဗဟန်းရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါဘီယာဗိုက်သီချင်းနှင့်ပတ်သက်၍ သက်ဆိုင်သူများကို ရန်ကုန်မြို့ရှိ ဗဟန်းမြို့မရဲစခန်းတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ-၃၃(က)ဖြင့် အမူဖွင့်အရေးယူထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီလ ၄ ရက်တွင် အသိပေး ထုတ်ပြန် ထားသည်။
ထိုကဲ့သို့ ရေးယူခြင်းခံရသည့် ဘီယာဗိုက်သီချင်းကို တေးရေး-ဧရာဝတီကိုဂျွန်ကရေးစပ်ထားပြီး အဆိုတော်မေသူက သီဆိုခြင်းဖြစ်ကာ သရုပ်ဆောင်အိုကေအပါအဝင် အခြားသော သရုပ်ဆောင်များက ပါဝင်သရုပ်ဆောင်ထားသည်ကိုတွေ့ရှိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနသည် ၁၉၉၆ ခုနှစ် ရုပ်ရှင်ဥပဒေနှင့် ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများနှင့်အညီ ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လွှင့်ပြသမှုများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အချို့သော တေးသီချင်းဗီဒီယိုရိုက်ကူးထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှု ရရှိစေရေးအတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာ ဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူတကွ ကြည့်ရှုရန်ပင် မသင့်လျော်သောတေးသီချင်းဗီဒီယိုများကို အရှက်သိက္ခာမဲ့စွာ ရိုက်ကူးထုတ်လွှင့်နေကြသည့်အတွက် သက်ဆိုင်ရာအစည်းအရုံးများက ထိန်းကျောင်းကြပ်မတ်ပေးပါရန် ပြန်ကြား ရေးဝန်ကြီးဌာနက သတိပေးတားမြစ်ထားကြောင်း သိရသည်။
ထို့ပြင် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ဖြန့်ချိ၊ မျှဝေ၊ ပြသ၊ ရောင်းချလျက်ရှိသည့် ဇာတ်လမ်းကား၊ မှတ်တမ်းကား၊ မော်ကွန်းတင်ကား၊ သတင်းကား၊ ဖျော်ဖြေရေးကား သို့မ ဟုတ် ပညာပေးကားများကိုလည်း ယခုနှစ်မတ်လ ၁၃ ရက်နေ့တွင် အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ထို့ကြောင့် တေးသီချင်းဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့်ဆန့်ကျင်ပြောဆိုမှုများ၊ ရိုက်ကူးထုတ်လွှင့်မှုများ မပြုကြပါရန် ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
အလားတူ ကာမရာဂလှုံ့ဆော်မှုအပါအဝင် ဆင်ဆာမူဝါဒများကို လိုက်နာခြင်းမရှိဘဲ တေးသီချင်းဗီဒီယို ရိုက်ပါက ဒါရိုက်တာ နှင့် သရုပ်ဆောင်များကို အရေးယူသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လတ်တလော ဒေါ်လာတန်ဖိုးတည်ငြိမ်လျက်ရှိ
RELATED POSTS
21 Nov 2024 | အနုပညာ,နိုင်ငံတကာ
14 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ
13 Nov 2024 | အနုပညာ,နိုင်ငံတကာ