UID နံပါတ်ပြုလုပ်ရန် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့်မြို့ကို ပြန်ရန်မလိုဟုဆို
ယွန်း (NSS) - မတ် ၂၇
UID နံပါတ်ပြုလုပ်ရန် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့်မြို့ကို ပြန်ရန်မလိုပဲ လက်ရှိနေထိုင်ရာမြို့ရှိ မြို့နယ်လဝကရုံးများတွင် လုပ်ဆောင်နိုင်ကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက UID နံပါတ်ထုတ်ပေးထားကြောင်း အထောက် အထားလက်မှတ်မပါသူများကို နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးမည်မဟုတ်ကြောင်း ပြီးခဲ့သည့် မတ်လ(၁၉)ရက်က အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါထုတ်ပြန်ချက်ထွက်ရှိပြီးသည့်အချိန်မှစ၍ ပတ်စပို့သက်တမ်းတိုးသူများနှင့် အသစ်လုပ်သူများအနေဖြင့် UID နံပါတ်ရရှိရေးကို ဆောင်ရွက်လျှက်ရှိ ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးသည့်မြို့တွင်သာ UID နံပါတ်ထုတ်ယူနိုင်မည်ဆိုသည့် ပြောဆိုမှုများလည်းရှိနေကြောင်း သိရသည်။ လက်ရှိတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် UID နံပါတ်များကို ပိတ်ရက်မရှိထုတ်ပေးနေပြီး လက်ရှိနေထိုင်သည့် မြို့နယ်ရှိ မြို့နယ်လဝကရုံးများတွင် UID နံပါတ်များရယူနိုင်ကြောင်း သိရသည်။
“ရောက်တဲ့နေရာမှာပဲ လုပ်လို့ရပါတယ်။ သက်ဆိုင်ရာမြို့နယ်မှာလုပ်လို့ရတယ်။ ဒါပေမဲ့ တစ်ရက်ကို စက်တစ်လုံးရဲ့လုပ်နိုင်တဲ့ပမာဏက ၇၀ ပဲလုပ်နိုင်တာလေ။ အဲဒီအချိန်မှာတော့ တန်းစီပြုံတိုးတာတွေတော့ များတာပေါ့။ အဓိကကိုယ့်မြို့နယ်က အိမ်ထောင်စုရှိတဲ့လူတွေကိုပဲ ဦးစားပေးနေတာလည်းရှိတာပေါ့။ နံပါတ်ကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ်ကောက်လို့ရတယ်။ စက်အလုံးရေများများရှိတဲ့ နေရာချောင်တဲ့နေရာကိုသွားရင်တော့ ပိုအဆင်ပြေတာပေါ့။ လက်ရှိ မှာတော့ လုပ်တဲ့သူတွေကတော့များတယ်။ မြို့ကြီးတွေမှာဆိုပိုများတယ်။ တစ်ချို့လည်းလူများတော့တစ်ရက်ထဲနဲ့အဆင်မပြေတာလေးတွေတော့ရှိတာပေါ့။ နောက်ပိုင်းကျရင်တော့ပိုများလာမှာပေါ့”ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
မြို့နယ်လဝကရုံးများအပြင် ရပ်ကွက်များ၌ ဆင်းပြီးပြုလုပ်ပေးနေသည့် Mobile Team များတွင်လည်း UID နံပါတ်များကို အခမဲ့ပြုလုပ်နိုင်ကြောင်း နစက၏ အချက်အလက်များတွင် ဖော်ပြထားသည်။ လက်ရှိတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများ၌ အချက်အလက်ကွဲလွဲမှုများနှင့် အထောက်အထားအတုများဖြင့် လျှောက်ထားမှုများရှိနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
ထို့ကြောင့် ယခင်ဆောင်ရွက်နေသည့် e-ID စနစ်အစား UID စနစ်ကိုပြောင်းလဲခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အများအပြား၌ UID စက်များထားရှိကာ စက်တစ်လုံးလျှင် လူဦးရေ(၇၀)နှုန်းဖြင့် နေ့စဥ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်းစိန်တွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်ဝင်တိုက်သည့် အတွက် ကားပေါ်ပါခရီးသည်(၁၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ရာ (၂)ဦးစိုးရိမ်ရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း