အင်းစိန်တွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်ဝင်တိုက်သည့် အတွက် ကားပေါ်ပါခရီးသည်(၁၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ရာ (၂)ဦးစိုးရိမ်ရ
သန့်ဇင် (NSS) - မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်သည့်အတွက် ခရီးသည်(၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၂၇ ရက်)၊ မွန်းလွဲ ၁နာရီ၊ မိနစ် ၄၀အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်၊ ရွှေဘုန်းပွင့် Showroom ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“YBS က မြို့ထဲကနေ လှိုင်သာယာဘက်ကို ဆင်းလာတာ။ အဲဒီမှာဘရိတ်ပေါက်ပြီး လမ်းဘေးက ဓာတ်တိုင်ကိုဝင်တိုက်မိတာပါ။ ယာဉ်မောင်းကတော့ တိုက်မိပြီးထွက်ပြေးသွားတယ်။ ခရီးသည်တွေကတော့ (၁၁)ယောက်ဒဏ်ရာရတယ်”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် YBS ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည်များအနက် လူ(၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရှိသူ(၁၁)ဦးအနက် အသက်(၃၀)နှစ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
“(၂)ဦးက စိုးရိမ်ရတယ်။ ကျန်တဲ့လူတွေကတော့ သိပ်မစိုးရိမ်ရပါဘူး။ ဒဏ်ရာရတဲ့အထဲမှာ (၁၀)နှစ်ဝန်းကျင် ကလေးတစ်ယောက်လည်းပါတယ်။ သူကမစိုးရိမ်ရဘူး။ ဒဏ်ရာရတဲ့လူတွေထဲကမှ ဆေးရုံတင်ရတာက(၈)ယောက်ပါ။ ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာက စစ်ဆေးဆဲပေါ့။ အကြံပြုချင်တာကတော့ YBS တွေက လမ်းကြပ်ရင် အလုအယက်မောင်းကြတယ်။ အဲဒီလိုမျိုးတွေက အမြဲလိုလိုဖြစ်နေတော့ စည်းမဲ့ကမ်းမဲ့မမောင်းဖို့ပြောချင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကလေး(၆)ဦးတွင် အနည်းဆုံး တစ်ဦးက ဆိုက်ဘာအနိုင်ကျင့်ခြိမ်းခြောက်မှုကို ခံနေရကြောင်း WHO ပြော
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း