အမေရိကန်အစိုးရအသစ်လက်ထက်မှာ ယူကရိန်းစစ်ပွဲကို အမြန်ဆုံးအဆုံးသတ်အောင် လုပ်ဆောင်သွားမယ်လို့ မိုက်ဝေါလ်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၅
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူတဲ့နေ့က စပြီး ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရအဖွဲ့အသစ်မှာ အမျိုး သား လုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ခံရသူ မိုက်ဝေါလ်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေး သို့မဟုတ် ငြိမ်းချမ်းရေးသဘောတူညီမှုရယူနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရုရှားနဲ့ ယူကရိန်းနိုင်ငံကြား တွေ့ဆုံဆွေးနွေးနိုင်အောင် အဓိကထားလုပ်ဆောင်မယ်လို့ ၎င်းက ပြောပါတယ်။ မိုက်ဝေါလ်က "ကျွန်တော်တို့ဟာ စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးဖို့လိုအပ်နေတယ်။ နှစ်ဖက်စလုံးကိုတွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းကို ဘယ်လိုခေါ်ဆောင်မလဲ၊ ဘယ်လိုသဘောတူညီချက်တွေကို သတ်မှတ်မလဲဆိုတာကို အဓိကထား လုပ်ဆောင်ရမယ်"လို့ ပြောပါတယ်။
ယူကရိန်းစစ်ပွဲအပစ်ခတ်ရပ်စဲရေးရယူနိုင်စေဖို့အတွက် ဥရောပတိုက်ရှိ အမေရိကန်နိုင်ငံရဲ့မဟာမိတ်တွေလည်း အဓိကအခန်းကဏ္ဍကပါဝင်ရမှာဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်ရဲ့ မိတ်ဖက်နဲ့ မဟာမိတ်နိုင်ငံအားလုံးဟာ ပဋိပက္ခဖြေရှင်းနိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်သလို ပဋိပက္ခကို ဖြေရှင်းဖို့ နိုင်ငံတကာ က ပူးပေါင်းဆောင်ရွက်ရမှာလည်းဖြစ်တယ်"လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ၎င်းသမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်အောင် ကြိုးပမ်းမယ်လို့ ကတိပြုထားပါတယ်။ မိုက်ဝေါလ်က ရုရှားပိုင်နက်အတွင်းကို တာဝေးပစ်ဒုံးကျည်တွေ ယူကရိန်းကိုအသုံးပြုပစ်ခတ်ခွင့်ပေးခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ဆုံးဖြတ်ချက်ကတိုက်ပွဲအရှိန်ပိုမိုမြင့်တက်လာစေခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။ အမေရိကန်စစ်တပ်ရဲ့အငြိမ်းစားဗိုလ်မှူးကြီး မိုက်ဝေါလ်က ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အမေရိကန်အစိုးရလက်ထက်မှာ စစ်ပွဲကိုအဆုံးသတ်နိုင်အောင် အလျင်မြန်လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ သုံးနှစ်နီးပါးရှိခဲ့ပေမယ့် အပစ်ခတ်ရပ်စဲရေးအတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။
လက်ရှိအမေရိကန်အစိုးရဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုအပစ်ခတ်ရပ်စဲရေးရယူနိုင်အောင် ကြိုးပမ်းခြင်းမရှိခဲ့ဘဲ ယူကရိန်းကိုစစ်လက်နက်ပစ္စည်းတွေ အဓိက ပံ့ပိုးကူညီပေးခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီသယ်ယာဉ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ