ကလေး(၆)ဦးတွင် အနည်းဆုံး တစ်ဦးက ဆိုက်ဘာအနိုင်ကျင့်ခြိမ်းခြောက်မှုကို ခံနေရကြောင်း WHO ပြော
Pika (NSS) - မတ် ၂၇
၂၀၂၂ ခုနှစ်တွင် အသက်(၁၁)နှစ်အရွယ်မှ (၁၅)နှစ်ကြားရှိ ကလေးငယ်များ၏ (၁၆)ရာခိုင်နှုန်းခန့်သည် ဆိုက်ဘာ အနိုင်ကျင့်ခြိမ်းခြောက်မှုများကို ခံခဲ့ရပြီး ပြီးခဲ့သည့်လေးနှစ်က ဖြစ်ပွားခဲ့သော (၁၃)ရာခိုင်နှုန်းထက် ပိုမိုမြင့်တက် လာကြောင်း နိုင်ငံပေါင်း(၄၄)နိုင်ငံ၏ စစ်တမ်းကို ကောက်ယူပြီး WHO Europe က မတ်လ(၂၇)ရက်တွင် ထုတ်ဖော် ပြောခဲ့သည်။
ဥရောပဆိုင်ရာ WHO ၏ ဒေသဆိုင်ရာဒါရိုက်တာ Hans Kluge က “ဒီအစီရင်ခံစာဟာ အချိန်တိုင်း၊ နေရာတိုင်းမှာ အနိုင်ကျင့်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့အားလုံးကို သတိပေးတာမျိုးပဲဖြစ်ပါ တယ်” ဟု ပြောခဲ့သည်။
ပြီးခဲ့သည့်လများအတွင်း ယောကျာ်းလေးများ၏ (၁၅)ရာခိုင်နှုန်း နှင့် မိန်းကလေးများ၏(၁၆)ရာခိုင်နှုန်းသည် အနည်းဆုံး တစ်ကြိမ်ခန့် ဆိုက်ဘာအနိုင်ကျင့်ခြိမ်းခြောက်မှုများကို ခံခဲ့ရကြောင်း လေ့လာမှုစစ်တမ်းအရ သိရသည်။ အဆိုပါအနိုင်ကျင့်ခြိမ်းခြောက်မှုများကြောင့် ဆယ်ကျော်သက်များ အချင်းချင်းကြားတွင် ဆက်ဆံပုံများ ပြောင်းလဲလာကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
အစီရင်ခံစာတွင် “ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားပြီးတော့ lockdown ကာလအတွင်း လူငယ်တွေရဲ့ကမ္ဘာဟာ အတုအယောင်တွေထဲမှာ ရှိနေခဲ့ပြီးတဲ့နောက်မှာတော့ ရွယ်တူချင်းအကြမ်းဖက်မှုတွေ ပိုများလာခဲ့ပါတယ်” ဟု ရေးသားထားသည်။
ထို့အပြင် အခြားအနိုင်ကျင့်မှုများသည်လည်း ရာခိုင်နှုန်း အနည်းငယ် တိုးလာခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် လများအတွင်း ယောကျာ်းလေးများနှင့် မိန်းကလေးများ၏ (၁၁)ရာခိုင်နှုန်းသည် ကျောင်းတွင် တစ်လလျှင် အနည်းဆုံး နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်ခန့် အနိုင်ကျင့်ခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့်လေးနှစ်က ကျောင်းတွင်း အနိုင်ကျင့်ခံရမှုများမှာ (၁၀)ရာခိုင်နှုန်းသာရှိခဲ့ကြောင်း သိရသည်။ ဘူလ်ဂေးရီးယား၊ လစ်သူယေးနီးယား၊ မော်လ်ဒိုဗာ နှင့် ပိုလန်နိုင်ငံတို့ရှိ ယောကျာ်းလေးများသည် ဆိုက်ဘာ အနိုင်ကျင့်ခြိမ်းခြောက်ခံရမှု အမြင့်ဆုံးအဆင့်ကို ခံခဲ့ရပြီး ဆိုက်ဘာအနိုင်ကျင့်ခြိမ်းခြောက်ခံရမှု အနည်းဆုံးမှာ စပိန်နိုင်ငံဖြစ်ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ် အချက်အလက်များကို WHO က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံပေါင်း (၁၅၀) ကျော် ပါဝင်လုပ်ဆောင်မယ့် တရုတ်နိုင်ငံရဲ့ပိုးလမ်းမရပ်ဝန်းစီမံကိန်း
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
25 Nov 2024 | မှုခင်း,ပြည်တွင်း