ဖားကန့်မြို့နယ်တွင် ကြက်ဥအရွယ်အစားထက်ကြီးမားသည့် မိုးသီးကြွေ၍ အိမ်ခေါင်မိုးများပေါက်ပြဲသည့်အတွက် အိမ်မိုးသွပ်များဝယ်လိုအားမြင့်တက်နေ
သန့်ဇင် (NSS) - မတ် ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကြက်ဥအရွယ်အစားထက် ကြီးမားသည့် မိုးသီးကြွေ၍ အိမ်ခေါင်မိုးများပေါက်ပြဲသည့်အတွက် အိမ်မိုးသွပ်များဝယ်လိုအားမြင့်တက် နေကြောင်း သင်္ခါလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါမိုးသီးကြွေကျမှုဖြစ်စဉ်သည် ယမန်နေ့(မတ်လ ၂၆ ရက်)၊ ည ၁၀နာရီဝန်းကျင်အချိန်က ဖားကန့်မြို့နယ်ရှိ၊ ဆိပ်မူကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညပိုင်းကြီးကို လေပြင်းတွေတိုက်ပြီးမိုးသီးတွေကြွေတာ။ ကြွေကျတဲ့မိုးသီးက ကြက်ဥထက်တောင်ကြီးတယ်။ တစ်ချို့ဆို လက်ဖက်ရည် ပန်းကန်လုံးလောက်ရှိတယ်။ ကျွန်တော်ထင်တယ် ဒီမှာကြွေတဲ့မိုးသီးက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆို အကြီးဆုံးဖြစ်မယ်”ဟု သင်္ခါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ မိုးသီးကြွေကျမှုဖြစ်စဉ်ကြောင့် ဆိပ်မူကျေးရွာအတွင်းရှိ အိမ်ခြေ(၂၀၀၀)ခန့်ဝန်းကျင်သည် အိမ်ခေါင်မိုးသွပ်ပေါက်ပြဲခဲ့ကာ မော်တော်ယာဉ်အချို့တွင်လည်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
“ညပိုင်းကြွေလို့တော်သေးတာပေါ့။ အဲဒီအချိန်လူတွေလည်း အပြင်သိပ်မထွက်ကြလို့ မထိတာ။ အိမ်တွေကတော့ ခေါင်မိုးတွေ တော်တော်ပျက်စီးသွားကြတယ်။ ကားတွေလည်း ခေါင်မိုးပေါက်တာတို့ မှန်ကွဲတာတို့ဖြစ်သွားတယ်။ တစ်ရွာလုံးအတိုင်းအတာနဲ့ (၃)ပုံ၊ (၂)ပုံကျော်လောက် အိမ်မိုးသွပ်ပြားတွေပေါက်သွားကြတယ်။ အခုသွပ်တွေကတော့ ဝယ်လို့ တောင်မရနိုင်တော့ဘူး။ ဖားကန့်ဘက် သွားဝယ်လည်း မရနိုင်တော့ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၌ အဆိုပါမိုးသီးကြွေကျမှုဖြစ်စဉ်ကြောင့် အိမ်ခေါင်မိုးသွပ်ပြားများ ဝယ်လိုအားမြင့်တက်နေသည့်အတွက် သွပ်ပြားများလည်းရှားပါးကာ နေ့ချင်းညချင်းဈေးကောင်းနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးသင်္ဘောသားအလုပ်ကို စိတ်ဝင်စားသူမြင့်တက်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း