မြောက်ကိုရီးယား၏ တရားမဝင်ရေနံဝယ်ယူခြင်းကို တားဆီးရန်အတွက် လုပ်ငန်းအဖွဲ့အသစ်တစ်ခုကို အမေရိကန်နှင့်တောင်ကိုရီးယားတို့ဖွဲ့စည်း
Pika (NSS) - မတ် ၂၇
အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားနိုင်ငံကို တရားမဝင်ရေနံဝယ်ယူခြင်းမှ တားဆီးပိတ်ပင်ရန်အတွက် ရည်ရွယ်သည့် လုပ်ငန်းအဖွဲ့အသစ်တစ်ခုကို ယခုသီတင်းပတ်တွင် စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
Enhanced Disruption Task Force (EDTF) ၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ဝါရှင်တန်ဒီစီမြို့တွင် မတ်လ(၂၆)ရက်က ကျင်းပခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအစည်း အဝေးတွင် သံတမန်ရေးရာ၊ ထောက်လှမ်းရေး၊ ပိတ်ဆို့အရေးယူမှုများနှင့် ရေကြောင်းသွား လာမှု တားဆီးပိတ်ပင်ရေးဆိုင်ရာတာဝန်ခံ ဝန်ကြီးဌာနများနှင့် အေဂျင်စီများမှ အရာရှိ (၃၀)ကျော် ပါဝင်ခဲ့ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ရုရှားနိုင်ငံသည် မြောက်ကိုရီးယားသို့ သန့်စင်ပြီးသားရေနံများ ပေးပို့နိုင်ခြေနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း အမေရိကန်နှင့်တောင်ကိုရီးယားတို့က ပြောဆိုခဲ့သည်။ ထို့ပြင် အမေရိကန်နှင့်တောင်ကိုရီးယားတို့သည် ရုရှားနှင့်မြောက်ကိုရီးယားနိုင်ငံကြား တရားမဝင်ပူးပေါင်းဆောင်ရွက်မှုများကို တားဆီးရန်အတွက် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် 'မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် ဖွံ့ဖြိုးတိုးတက်မှုတွေ၊ စစ်ရေးအနေအထားတွေအတွက် ရေနံဟာ မရှိမဖြစ်လိုအပ်တဲ့ အရင်းအမြစ်တစ်ခုပါ' ဟုရေးသားဖော်ပြထားသည်။ မြောက်ကိုရီးယား၏နျူကလီးယားလက်နက်နှင့် ဒုံးကျည်အစီအစဉ်များအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုများအရ မြောက်ကိုရီးယားနိုင်ငံကို တစ်နှစ်လျှင် ရေနံစိမ်းစည်ပေါင်း(၄)သန်းနှင့် သန့်စင်ပြီးသားရေနံစည်(၅)သိန်းအထိသာ တင်သွင်းခွင့်ပြုထားကြောင်းသိရသည်။ ထို့ပြင် မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန်အတွက် စစ်လက်နက်ပစ္စည်းများကို ရုရှားနိုင်ငံအားထောက်ပံ့ပေးခဲ့ကြောင်း အမေရိကန်နှင့်တောင်ကိုရီးယားတို့က စွပ်စွဲပြောဆိုထားသည်။သို့သော်လည်း အမေရိကန်နှင့်တောင်ကိုရီးယားတို့၏ စွပ်စွဲပြောဆိုချက်များကို ရုရှားနှင့်မြောက်ကိုရီးယားတို့က ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိပ်တန်းလက်နက်များနှင့်အတူ ပါဝါချိန်ခွင်လျှာညှိနေသည့်ရုရှားနိုင်ငံ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ