(၆)ရက်ကြာရပ်ဆိုင်းထားခဲ့သည့် မော်လမြိုင်- ရန်ကုန်ရထားလမ်းပိုင်း ယနေ့တွင်ပြန်လည်ဖွင့်လှစ်
ယွန်း (NSS) - မတ် ၂၅
(၆)ရက်ကြာရပ်ဆိုင်းထားခဲ့သည့် မော်လမြိုင်- ရန်ကုန်ရထားလမ်းပိုင်းကို ယနေ့ (မတ်လ ၂၅ ရက်)တွင် ပြန်လည်ဖွင့်လှစ်ပြေးဆွဲနေပြီဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ(၁၈)ရက်က မော်လမြိုင်- ရန်ကုန် ရထားလမ်းပိုင်း၌ အမှတ် ၆၈၆ အစုန် ကျောက်ရထားသည် သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြားအရောက်တွင် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းခံရပြီး ရထားလမ်းနှင့်တွဲများပျက်ဆီး၍ လမ်းပိုင်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မတ်လ(၁၉)ရက်မှစ၍ မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၂ အစုန် မော်လမြိုင်- ရန်ကုန်ရထားခရီးစဥ် နှင့် ရန်ကုန်ဘူတာကြီးမှ ထွက်ခွာမည့် အမှတ် ၈၁ အဆန် ရန်ကုန်- မော်လမြိုင်ရထားခရီးစဥ်များကို ယာယီဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရထားလမ်းပြင်ဆင်မှုများပြန်လည်ဆောင်ရွက်ခဲ့ရာ မတ်လ ၂၃ ရက်တွင် ပြင်ဆင်ပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ ယနေ့(မတ်လ ၂၅ ရက်)ရောက်မှသာ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့တော့ စတင်ပြီးပြန်ပြေးဆွဲနေတာပေါ့။ မော်လမြိုင်ကနေ (၈)နာရီခွဲလောက်မှာ ထွက်ပြီးတော့ ခရီးသည်စုစုပေါင်း(၉၀)လောက်ပါတယ်။ (၆)ရက် လောက်တော့ကြာတယ် မပြေးဆွဲနိုင်တာ ဒီနေ့မှပဲပြန်ပြီးပြေးဆွဲတာပေါ့”ဟု မော်လမြိုင်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
မော်လမြိုင်ဘူတာကြီးအနေဖြင့် မော်လမြိုင်- ရန်ကုန်ရထားခရီးစဥ်များကို နေ့စဥ်ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး အထက်တန်းကြိုတင်လက်မှတ်များကို မော်လမြိုင်ဘူတာ ရက်ကြိုလက်မှတ်ရုံတွင် ရောင်းချပေးနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါလက်စတိုင်းအကျဉ်းသားအနည်းဆုံး ၇၀၀ ပြန်လွှတ်ပေးဖို့ အစ္စရေးအစိုးရ သဘောတူညီ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း