ရုရှားနိုင်ငံရှိ ပြဇာတ်ရုံတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး အမျိုးသားလေးဦးကို အကြမ်းဖက်မှုဖြင့် တရားစွဲ
Pika (NSS) - မတ် ၂၅
လူပေါင်း(၁၃၇)ဦးကို သေဆုံးစေခဲ့သည့် ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ပြဇာတ်ရုံကို တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက် သည်ဟု စွပ်စွဲခံထားရသော အမျိုးသား(၄)ဦးကို မတ်လ(၂၄)ရက်တွင် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ရုံးချိန်း များကို ဆိုင်းငံ့ကာ ဖမ်းဆီးထိန်းသိမ်းထားရန် အမိန့်ထုတ်ခဲ့ကြောင်း ရုရှားတရားရုံးက ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသား(၄)ဦးစလုံးသည် ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရနိုင်ဖွယ်ရှိနေကြောင်း ရုရှားနိုင်ငံ Basmanny ခရိုင်တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအမျိုးသား(၄)ဦးစလုံးကို မေလ(၂၂)ရက် မတိုင်မီအချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားရန် အမိန့်ထုတ်ထားသော်လည်း ၎င်းတို့အား ရုံးတင်စစ်ဆေးမည့်ရက်ကို သတ်မှတ်သည့်ရက်အပေါ်မူတည်ပြီး ဖမ်းဆီးထိန်းသိမ်းထားမှုကို သက်တမ်းတိုးနိုင်ကြောင်း သိရသည်။
တရားခံနှစ်ဦးသည် အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး ၎င်းတို့(၂)ဦးအနက်မှ တစ်ဦးမှာ တာဂျစ်ကစ္စတန်နိုင်ငံမှဖြစ်ကြောင်း တရားရုံးက ပြောကြားခဲ့သည်။ မော်စကိုမြို့ရှိ ပြဇာတ်ရုံကို တိုက်ခိုက်ခဲ့သည့်သေနတ်သမားအားလုံးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း ရုရှားအစိုးရတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုခဲ့သည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သံသယရှိသူ(၃)ဦးကို ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ကာ တရားခွင်သို့ခေါ်ဆောင် သွားသည့်ဗီဒီယိုဖိုင်ကို တရားရုံးက ထုတ်ပြန်ခဲ့ကြောင်းလည်း သိရသည်။ ထို့နောက် လေးယောက်မြောက် သံသယရှိသူအမျိုးသားမှာ တရားခွင်သို့ ဝှီးချဲဖြင့် ရောက်လာခဲ့သည်ကိုလည်း အဆိုပါဗီဒီယိုဖိုင်ထဲတွင် တွေ့မြင်ခဲ့ရ သည်။
အဆိုပါတိုက်ခိုက်မှုအတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ISIS အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ပြောဆိုခဲ့သော်လည်း သေနတ်သမားများကို ယူကရိန်းသို့ထွက်ပြေးရန် ကြိုးပမ်းစဉ်အချိန်အတွင်း ဖမ်းမိခဲ့ခြင်းကြောင့် ယူကရိန်း က ပါဝင်ပတ်သက်နေပုံပေါ်ကြောင်း ရုရှားသမ္မတပူတင်က မတ်လ(၂၃)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။
သို့သော်လည်း အဆိုပါတိုက်ခိုက်မှုတွင် ယူကရိန်းက ပါဝင်ပတ်သက်နေသည်ဆိုသည့် အကြုံပြုပြောဆိုချက်များကို အမေရိကန်နှင့် ယူကရိန်းသမ္မတဇီလန်စကီးတို့က ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒုံးကျည်ပစ်လွှတ်မှုနဲ့ပတ်သက်ပြီး ရုရှားသံအမတ်ကြီးကို ပိုလန်အစိုးရ သတိပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း