ခုတ်လှဲနေသည့်အုန်းပင် နေအိမ်ပေါ်သို့မတော်တဆလဲကျကာ ဆယ်ကျော်သက်အမျိုးသမီးတစ်ဦး သေဆုံး
သန့်ဇင် (NSS) - မတ် ၂၄
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ခုတ်လှဲနေသည့်အုန်းပင်သည် နေအိမ်ပေါ်သို့ မတော်တဆလဲကျကာနေအိမ်အတွင်းရှိ ဆယ်ကျော်သက်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း မြို့ပြအနာဂါတ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၂၃ ရက်)၊ ညနေ ၄ နာရီအချိန်တွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ တရုတ်တန်းရပ်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီကောင်မလေးက သူ့အဒေါ်နဲ့အိမ်ထဲမှာ ထမင်းအိုး တည်နေရင်းနဲ့ အုန်းပင်ဖြတ်ပိမိတာ။ အုန်းပင်ကလည်း အိမ်ဘေးနားမှာ အုန်းပင်ခုတ်လှဲနေတာကနေ လဲပြီးအိမ်တစ်ခြမ်းကို ဖြတ်ပိမိတာ။ အဲဒီအထဲမှာ ကောင်မလေးက ပါသွားတာပါ” ဟု မြို့ပြအနာဂတ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ထိုသို့ အုန်းပင်ဖြတ်ပိမိသည့် ဖြစ်စဉ်ကြောင့် နေအိမ်အတွင်းရှိနေသည့် အသက်(၁၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ထိခိုက်ဒဏ်ရာများရရှိကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကောင်မလေးက အုန်းပင်ဖြတ်ပိတဲ့ဒဏ်ရာနဲ့ အရိုးအကြောထိသွားတာကို လောလောနဲ့လုပ်ရင်းနဲ့ ဘေးတွဲနဲ့ဆေးရုံပို့တာမှာ ပိုဆိုးသွားတာပေါ့။ ဘေးကလူတွေကလည်း အသက်ကယ်ချင်တာနဲ့ အလောတကြီးလုပ်မိတာပါ။ အိမ်ထဲက သူ့အဒေါ်ကတော့ ဘာမှမဖြစ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို မြို့ပြအနာဂါတ်လူမှုကူညီရေးအသင်းမှ မြိတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်စကိုမြို့မှာဖြစ်ပွားခဲ့တဲ့ လူပေါင်း ၁ဝဝ ကျော် သေဆုံးတဲ့ ပစ်ခတ်မှုမှာ ပါဝင်ဆက်နွယ်မှုမရှိကြောင်း ယူကရိန်းအစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း