ရေကဏ္ဍအားလုံးကိုလွှမ်းခြုံသည့် “အမျိုးသားရေဥပဒေ” တစ်ရပ်ရေးဆွဲပြဋ္ဌာန်းနိုင်ရန် စီစဉ်နေ
Pearl (NSS) - မတ် ၂၃
ရေဆိုင်ရာကဏ္ဍစုံကို စနစ်တကျစီမံခန့်ခွဲနိုင်ရန် နှင့် ရေကဏ္ဍအားလုံးကိုလွှမ်းခြုံသည့် “အမျိုးသားရေ ဥပဒေ” တစ်ရပ်ရေးဆွဲပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော သည်။
၎င်းက ယမန်နေ့ (မတ်လ ၂၂ ရက်)တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပပြုလုပ်သည့် က မ္ဘာ့ရေနေ့ ၂၀၂၄ အခမ်းအနား၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ရေမူဝါဒများနှင့် ဥပဒေများဖော်ဆောင်ချမှတ်ပြီး စိုက်ပျိုးရေးကဏ္ဍအတွက် ရေတိုးမြှင့်ရရှိရေး၊ စွမ်းအင်ကဏ္ဍအတွက် ရေအားလျှပ်စစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အိမ်သုံးရေတိုးမြှင့်ပေးဝေနိုင်ရေး၊ စက်မှုလုပ်ငန်းသုံးရေ ပိုမိုပေးဝေနိုင်ရေးတို့အတွက် ဘက်စုံရေစီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ရေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့ပြင် ရေစီမံခန့်ခွဲမှုသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ စားနပ်ရိက္ခာဖူလုံမှုရှိစေရန်၊ ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်ရန်၊ ရေညစ်ညမ်းမှုများကို တားဆီးရန်နှင့် ရေဆိုင်ရာပဋိပက္ခဖြေရှင်းရန် စသည့်ပန်းတိုင်များစွာကို ရောက်ရှိစေနိုင်မည့် အရေးကြီးသည့် အခြေခံခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း နှင့် နိုင်ငံတကာက ကောင်းမွန်ပြည့်စုံသည့် ရေစီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများကို နမူနာယူပြီး မြန်မာနိုင်ငံအနေဖြင့် “အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ” ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ရေဆိုင်ရာကဏ္ဍစုံကို စနစ်တကျစီမံခန့်ခွဲနိုင်ရန်နှင့် ရေကဏ္ဍအားလုံးကိုလွှမ်းခြုံသည့် “အမျိုးသားရေဥပဒေ” တစ်ရပ်ရေးဆွဲ ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံ၌ တည်ဆောက်ထိန်းသိမ်းထားရှိသည့် ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင်လုပ်ငန်း ၂၁၉ ခုရှိပြီး စိုက်ပျိုး ရေပေးဝေခြင်း၊ သောက်သုံးရေပေးဝေခြင်းနှင့် အချို့ရေလှောင်တမံများတွင် ရေအားလျှပ်စစ် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
အလားတူ အဓိကမြစ်ကြီး ၄ စင်း ဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်နှင့် အခြားမြစ်ချောင်းများမှ ရေကိုစုပ်တင်ပြီး စိုက်ပျိုးရေပေးဝေရေးဆောင်ရွက်လျက်ရှိသည့် မြစ်ရေတင်စီမံကိန်း စုစုပေါင်း ၃၉၀ ရှိပြီး စိုက်ပျိုးရေပေးဝေနိုင်သည့် မြေဧရိယာဧက ခုနစ်သိန်း ငါးသောင်းနီးပါးရှိသည့်အပြင် မြေအောက်ရေတွင်းများတူးဖော်ပြီး စိုက်ပျိုးရေပေးဝေခြင်း လုပ်ငန်း ၁၄၉၈၉ ခုမှ စိုက်ပျိုးမြေဧရိယာဧက ကိုးသိန်းသုံးသောင်းနီးပါးကို ရေပေးဝေလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးကဏ္ဍသည် ရေချိုသုံးစွဲမှုအများဆုံးဖြစ်ပြီး ၈၉ ရာခိုင်နှုန်းကို သုံးစွဲလျက်ရှိနေသောကြောင့် ရေအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ရေရှည်တည်တံ့စေရန် စီမံခန့်ခွဲနိုင်ရေးသည် နိုင်ငံအတွက်အရေးပါသည့်ကဏ္ဍ တစ်ရပ်ဖြစ်လာကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဉ်ထဲက ထောင်ချပစ်ရမယ့်လူတွေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ