သင်္ဘောသားလောကတွင် လက်မှတ်အတုဖြင့် ထွက်သူများသကဲ့သို့ အလိမ်ခံရသည့်ဖြစ်စဉ်လည်း များပြားနေ
သုတကျော် (NSS) - မတ် ၁၉
သင်္ဘောသားလောကတွင် လက်မှတ်အတုဖြင့် ထွက်သူများသကဲ့သို့ အလိမ်ခံရသည့်ဖြစ်စဉ်လည်း များပြားနေ ကြောင်း ဝါရင့်သင်္ဘောသားတစ်ဦးဖြစ်ပြီး သင်္ဘောသားရေးရာကိစ္စများတွင်လည်း ထဲထဲဝင်ဝင် လိုက်ပါကူညီဆောင်ရွက်ပေးနေသူတစ်ဦးက NP News ကို ပြောကြားသည်။
လက်မှတ်တုဖြင့် လိမ်ပြီးထွက်သောကြောင့် ဖမ်းဆီးခံရသူလည်းများပြားကာ သင်္ဘောတက်ရမည်ဟု ဆိုကာ ရိုက်ကြေးပေးပြီးနောက် သင်္ဘောမတက်ရဘဲ အလိမ်ခံရသူအရေအတွက်မှာလည်း မြင့်တက်နေသည့်အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။
“လက်မှတ်တုကတော့ ပလူပျံနေတာပဲ။ လေဆိပ်မှာလည်း တောက်လျှောက်ဆွဲ (ဖမ်း) နေတယ် ပြောတယ်။ တစ်ချပ်မှောက်ရှိတယ်။ နှစ်ချပ်မှောက် ရှိတယ်။ တစ်ချပ်မှောက်က မိဖို့များတယ်။ တချို့က နှစ်ချပ် မှောက်ချလိုက်တယ်။ တစ်ချပ်မှောက်ဆိုတာက သင်္ဘောသားတော့ ဟုတ်တယ်။ CDC ရှိတယ်။ ရာထူးလိမ်ပြီး ထွက်တာ။ နှစ်ချပ် မှောက်ဆိုတာက သင်္ဘောသား မဟုတ်ဘူး။ Show Passport ပဲ ရှိတယ်။ ရှိသမျှ လိုတဲ့လက်မှတ်ကို အကုန် အတုလုပ်ပြီးတော့ ထွက်တာ” ဟု ၎င်းက ပြောသည်။
ထိုသို့လက်မှတ်အတုလုပ်ရာတွင် ဈေးနှုန်း အစားစားရှိကာ ရာထူးအပေါ်မူတည်ကြောင်း၊ လက်မှတ်အတုဖြင့် ထွက်ခြင်းကို မကြာခဏ ဖမ်းမိသော်လည်း ထွက်နေဆဲအနေအထားသာဖြစ်ကြောင်း ၎င်းကပြောသည်။
“အခု အလိမ်ခံရတဲ့ဖြစ်စဉ်တွေကလည်း အမှု မနည်းဘူး။ တိုင်တော့လည်း အရေးယူတာ အားနည်းတယ်လို့ သုံးသပ်ချင်တယ်။ ထိရောက်တဲ့အရေးယူမှုမရှိဘူး။ လိမ်တာက အခုပိုဆိုးလာတာ။ ဟိုတစ်လောက ရှစ်ဆယ့်ငါးသိန်းကနေ တစ်ရာကျော်အထိ အလိမ်ခံရတဲ့ ဖြစ်စဉ် ဖြစ်သွားတယ်။ အဲဒီဖြစ်စဉ်မှာလည်း အလိမ်ခံရတဲ့ပမာဏများတယ်။ တင်ပေးမယ်ဆိုပြီး ပိုက်ဆံကြိုတောင်းလိုက်တယ်။ ရုံးခန်း ဟိုမှာဖွင့်၊ ဒီမှာဖွင့် ကြားခံပွဲစားခံပြီးတော့ နောက်ဆုံး အဆင့်ကျမှ လိမ်တာ။ ပြဿနာရှင်းတဲ့အခါ အုပ်စုဖွဲ့ပြီး ဂိုဏ်းပုံစံလုပ်သလိုတောင် ဖြစ်နေတယ်” ဟု ၎င်းက ရှင်းပြ သည်။
လူရာနှင့်ချီခေါ်မည်၊ လက်မှတ်တုဖြင့် ထွက်ရမည်ဟုပြောပြီး PDF ဖိုင်ဖြင့် လက်မှတ်တု ထုတ်ပေးကာ လက်မှတ်တု နှုန်းထား မည်မျှကျသင့်သည်ဟု ပြောပြီး ငွေကြေးကောက်ခံလိမ်လည်သွားသည့်ဖြစ်စဉ်များလည်း ရှိနေကြောင်း ၎င်းက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းပဋိပက္ခက ယခုနှစ်အတွင်း အဆုံးသတ်မည့်ပုံမပေါ်ကြောင်း တူရကီအစိုးရ ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း