မင်းဘူးမြို့နယ်တွင် ရွှေစက်တော်ဘုရားဖူးကားတိမ်းမှောက်မှုကြောင့် လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - မတ် ၁၈
မကွေးတိုင်း၊ မင်းဘူးမြို့နယ်တွင် ရွှေစက်တော်ဘုရားဖူးကား တိမ်းမှောက်မှုကြောင့် လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခေမာလူမှု ကူညီရေးအသင်း-မကွေးထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(မတ်လ ၁၇ ရက်)၊ ညနေ ၅နာရီ ၂၀ မိနစ်အချိန်တွင် မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက ဘုရားဖူးအပြန်မှာဖြစ်တာ။ ကားမောင်းတဲ့သူက အရက်မူးပြီးမောင်းတော့ စလစ်ဖြစ်ပြီးမှောက်တာ။ ကုမ္ပဏီကပို့တဲ့ Light Truck ကား ပေါ့။ ဝန်ထမ်းတွေကို ဘုရားဖူးလိုက်ပို့တာ။ အမှန်က မိန်းကလေးကားနဲ့ ယောက်ျားလေးကား(၂)စီးလာတာ။ ယောက်ျားလေးတွေ စီးတဲ့ကားက မှောက်တာပါ”ဟု ခေမာလူမှု ကူညီရေးအသင်း-မကွေးမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် လူ(၁၃)ဦးအနက် အသက်(၂၀)နှစ်မှ (၂၈)နှစ်ဝန်းကျင်ကြားရှိ အမျိုးသား (၁၁)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာပါတဲ့ ယောက်ျားလေး(၁၃)ယောက်မှာ (၁၁)ယောက်ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး။ ကားက မကွေးကိုပြန်တဲ့ကားပေါ့။ အခုက ရွှေစက် တော် ဘုရားဖူးကာလဆိုတော့ အခုလိုဖြစ်တာတွေရှိတယ်။ ဘုရားပွဲမှာ စောင်းတန်းကပြုတ်ကျတာတို့။ ရေနစ်တာနဲ့ ရန်ဖြစ်တာတွေ လည်းရှိတယ်။ လူငယ်တွေက ပွဲတွေပြန်လုပ်တော့ အပျော်လွန်ပြီး သောက်စားကြရင်းဖြစ်တာများတယ်။ အခုလို ယာဉ်တိမ်းမှောက်မှု မဖြစ်အောင်လည်း စိတ်ချရမယ့် ကားသမားတွေခေါပြီး မောင်းစေချင်တယ်။ နောက်ပြီး သောက်တာစားတာတွေ လျှော့စေချင်တယ်”ဟု ၎င်းက အကြံပြုပြောကြားထားသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို ခေမာလူမှုကူညီရေးအသင်းက မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားသမ္မတရွေးကောက်ပွဲမှာ သမ္မတပူတင်က ပြိုင်ဘက်တွေကို အပြတ်အသတ်အနိုင်ရခဲ့
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း