အောင်လံမြို့နယ်တွင် သံဃာတော်တစ်ပါး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အင်အား(၅၀)ခန့်ရှိသော PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NSS - မတ် ၁၄
မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် သံဃာတော်တစ်ပါးနှင့် ကျေးရွာအုပ် ချုပ်ရေးမှူးတစ်ဦးကို အင်အား(၅၀)ခန့်ရှိသော PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်ကာ သေနတ်ဖြင့် သတ်ဖြတ်သွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၁၃ ရက်)၊ နံနက် ၃ နာရီအချိန်ခန့်တွင် အောင်လံမြို့နယ်၊ ပြလို့အခြေစိုက်၊ ဒါးစမ်းကျေးရွာ၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဒါးစမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် ၎င်း၏ဇနီးဖြစ်သူတို့ သည် နေအိမ်၌ ရှိနေစဉ် PDF အဖွဲ့ဝင် အင်အား(၅၀)ခန့်က ရောက်ရှိလာပြီး ဦးနိုင်ဝင်းအောင်နှင့်ဇနီးဖြစ်သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ထို့နောက် ဒါးစမ်းကျေးရွာ ဘုရားကုန်းပေါ်အရောက်၌ ဦးနိုင်ဝင်းအောင်ကို သတ်ဖြတ်ခဲ့ပြီးနောက် ၎င်း၏ ဇနီးဖြစ်သူကို PDF အဖွဲ့က ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒါးစမ်းကျေးရွာရှိ ဇေယျမေနဒီ ကျောင်းတိုက်အတွင်း သီတင်းသုံးနေထိုင်သည့် အသက် ၅၉ နှစ်၊ ဝါတော် ၃၉ ဝါရှိ ဆရာတော် ဦးကောဏ္ဍည ကိုလည်း အဆိုပါဘုန်းကြီးကျောင်းအတွင်း၌ပင် သေနတ်ဖြင့် သတ်ဖြတ်သွားခဲ့ရာ ဆရာတော်မှာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့ နံနက် နံနက် ၄ နာရီခွဲအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ သာစည်ကျေးရွာအုပ်စု၊ ကိုးပင်-သားရကားလမ်းဘေးရှိ၊ ဖိုးလေးလုံးကျေးရွာအဝင်တွင် အမျိုးသားတစ်ဦးကို PDF အဖွဲ့က သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။ အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးဝင်းဆောင်(၅၆)နှစ်သည် ၎င်း ၏နေအိမ်ဈေးဆိုင်၌ရှိနေစဉ် PDF အဖွဲ့ဝင်(၄)ဦးက ဆိုင်ကယ်(၂)စီးဖြင့် ရောက်ရှိလာပြီး သတ်ဖြတ်သွားခဲ့ရာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
နစကအစိုးရ အာဏာရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်ကာ ယနေ့(မတ်လ ၁၄ ရက်)အထိ နိုင်ငံတစ်ဝန်း သံဃာတော်(၁၀၀)နီးပါး အကြမ်းဖက်သတ်ဖြတ်ခံထားရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စစ်တွေမြို့နယ်ရှိ စာသင်ကျောင်းဝန်းအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အချို့ပျက်စီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း