ဖားကန့်၌ မြေစာကန်ပြိုကျမှုကြောင့် ကနဦးတွင် တစ်ဦးသေဆုံးခဲ့ပြီး လူ(၂၅)ဦးထက်မနည်း ပျောက်ဆုံးနေ
သန့်ဇင် (NSS) - မတ် ၁၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မြေစာကန်ပြိုကျမှုကြောင့် တစ်ဦးသေဆုံးကာ (၄)ယောက် ဒဏ်ရာရရှိခဲ့ပြီး လူ(၂၅)ဦး ထက်မနည်း ပျောက်ဆုံးနေကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(မတ်လ ၁၂ ရက်)၊ နံနက် ၃ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်၊ မနကျေးရွာအနီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုပြိုကျတဲ့ ကန်က နွံကန်ပေါ့။ မြေစာတွေကိုတူးပြီး ရေကန်ထဲကို မြေဖို့တော့ မြေကများများ မဖို့နိုင်သေးတော့ မြေစာနဲ့ရေနဲ့ရောပြီး နွံလိုဖြစ်နေတာ။ မျက်မြင်တွေပြောစကားအရတော့ အပေါ်မှာက နွံကန်ရှိတယ်။ အောက်မှာ က တူးနေတဲ့ကျင်းတစ်ကျင်းရှိတယ်ပေါ့။ ခန့်မှန်းချေ အပေါ်ကန်နဲ့အောက်က ကျင်းက ပေ(၅၀)ခန့်လောက်မြင့် တာ။ အောက်ကျင်းမှာက ကားတွေနဲ့ ဘက်ဟိုးတွေအကုန်လုံး (၁၉)စီး ရှိတယ်။ လူတွေရောရှိတယ်ပေါ့။ အဲဒီကနေ အပေါ်က နွံကန်ကိုလည်း ပေါက်ကျလိမ့်မယ်လို့ မထင်လို့နေမှာပါ။ တူးနေကြရင်းနဲ့ နွံကန်ပေါက်ကျပြီး အကုန် ပိကုန်တာပေါ့” ဟု သွားရောက်ကူညီကယ်ဆယ်ခဲ့သည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် အဆိုပါ နွံကန်ပေါက်ကျမှုကြောင့် တစ်ဦးသေဆုံးကာ (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူ(၂၅)ဦး ထက်မနည်း ပျောက်ဆုံးလျက်ရှိကြောင်း ကနဦး သိရသည်။
ထို့ပြင် ၎င်းနွံကန်ပေါက်ကျမှုဖြစ်စဉ်အတွင်း မြေသယ်ကား နှင့် ဘက်ဟိုးကား (၁၉)စီးခန့်သည်လည်း ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ အခုမနက် ၁ဝ နာရီဝန်းကျင်အထိကို ဒဏ်ရာရတဲ့လူ(၄)ဦးနဲ့ သေဆုံးသူတစ်ဦး ရှာတွေ့ထားတယ်။ ပျောက်ဆုံးနေတာကတော့ မှတ်ပုံတင်တွေနဲ့စစ်ကြည့်ရင် လူပေါင်း(၂၅)ယောက်မကဘူး ပျောက်နေတယ်။ အခုချိန် ထိတော့ ရှာနေတုန်းပဲ မတွေ့သေးဘူး။ အခုပေါက်ကျတာက အရင်ကလိုရေကန်မဟုတ်ပဲနဲ့ မြေနွံကန်ဖြစ်နေတော့ ရှာတွေ့ဖို့တောင်မလွယ်တဲ့သဘောမှာရှိတယ်။ အခုအခြေအနေက လူတောင် ဆင်းလို့မရဘူးဖြစ်နေတာ” ဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား ဒေသခံလူမှုကူညီရေးအသင်းများ ပူးပေါင်းကာ ဖားကန့် မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး ပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်တွင်လည်း ဖားကန့်မြို့နယ်၊ မနကျေးရွာအနီး ကျောက်စိမ်း လုပ်ကွက်၌ မြေစာပုံပြိုကျမှုဖြစ်ပွားခဲ့ရာ လူပေါင်း(၆၃)ယောက်ခန့် အသေအပျောက်ရှိခဲ့ဖူးသည်။
လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များ၌ တရားဝင်တူးဖော်ခွင့်ရရှိထားသည့် ကုမ္ပဏီ များမှာ တူးဖော်ရေးလုပ်ငန်းများ ရပ်နားထားလျက်ရှိကြောင်းလည်း အထက်ပါလူမှုကူညီရေးအသင်းထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သက်သေခံလက်မှတ် (C of I) လျှောက်ထားခြင်းကို မတ်လ (၁၈)ရက်မှစတင်၍ QR code စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်မည်ဟု မလေးရှားရှိ မြန်မာသံရုံးကြေညာ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း