၂ဝ၂၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အီရန်ဆန္ဒပြမှုများနှင့်ပတ်သက်သည့်ကုလသမဂ္ဂအစီရင်ခံစာကို အီရန်အစိုးရ ရှုတ်ချ
ALynn (NSS) - မတ် ၁ဝ
၂၀၂၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများသည် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သော်လည်း အီရန်အစိုးရက အမျိုးသမီးနှင့် မိန်းကလေးငယ်များကို ပစ်မှတ်ထားကာ အပြင်းအထန်ဖြိုခွင်းခဲ့သည်ဟူသော ကုလသမဂ္ဂကျွမ်းကျင်သူများ၏ အစီရင်ခံစာအား အီရန်က ရှုတ်ချလိုက်သည်။
အစီရင်ခံစာသည် “အခြေအမြစ်မရှိသော၊ တရားဝင်မှုမရှိသော၊ မှားယွင်းသော၊ ဘက်လိုက်သောအချက်အလက် များ” ဖြင့် တည်ဆောက်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasser Kanaani က မတ်လ ၉ ရက် (စနေနေ့) တွင် ပြောကြားခဲ့သည်။
အမျိုးသမီးများအတွက် တင်းကျပ်သော အစ္စလာမ်ဝတ်စား ဆင်ယင်မှုကို ချိုးဖောက်သည်ဟု စွပ်စွဲခံရသည့် အသက် ၂၂ နှစ် အရွယ် Mahsa Amini ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ချုပ်နှောင်ခံရပြီးနောက် အီရန်နိုင်ငံ တစ်ဝန်းတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။
၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှ ကျွမ်းကျင်သူများ၏ စုံစမ်းစစ်ဆေးမှုတွင် အီရန် အာဏာပိုင်များ ပါဝင်ရန် ဆုံးဖြတ်ခဲ့သော်လည်း အီရန်ဘက်က ငြင်းဆိုခဲ့သည်။
ကုလသမဂ္ဂ၏ ပထမဆုံးအစီရင်ခံစာတွင် လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင်က “ချိုးဖောက်မှုအများအပြားသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အထူးသဖြင့် လူသတ်မှု၊ ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းမှုနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အခြားလူမဆန် သောလုပ်ရပ်များပါဝင်ကြောင်း” မတ်လ ၈ ရက်တွင် ဖော်ပြခဲ့သည်။
၎င်းမှာ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ဂုဏ်သိက္ခာနှင့် တာဝန်ခံမှုတို့ကို တောင်းဆိုခဲ့ကြသော အီရန်ရှိ အရပ်သားများ ကို စနစ်တကျ တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်း ဖော်ပြချက်သာဖြစ်ကြောင်း သိရသည်။ ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးချိုးဖောက်ခံရသူများကို တရားမျှတမှု၊ အမှန်တရားနှင့် လျော်ကြေးပေးရန် အီရန် အာဏာပိုင်များကို အစီရင်ခံစာက တောင်းဆိုထားသည်။
ဆန္ဒပြပွဲများကို စုံစမ်းစစ်ဆေးရန် အီရန်သမ္မတ Ebrahim Raisi မှ တာဝန်ပေးထားသော အထူးကော်မတီသည် ၎င်း၏ နောက်ဆုံးအစီရင်ခံစာကို သမ္မတထံ မကြာသေးမီက ပေးပို့ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ၎င်း၏တွေ့ရှိချက်အသေးစိတ်အား ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ ယခုသီတင်းပတ်တွင် နိုင်ငံတကာလွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့၏ ဖော်ပြချက်အရ “အီရန်အာဏာပိုင်များသည် အများပြည်သူနေရာများတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ကျယ်ကျယ်ပြန့်ပြန့် စောင့်ကြည့်စစ်ဆေးခြင်းနှင့် အမျိုးသမီးယာဉ်မောင်းများကို ပစ်မှတ် ထား၍ စစ်ဆေးမှုများပြုလုပ်ခြင်းဖြင့် ဟီဂျဘ်ဥပဒေများကို ပြဋ္ဌာန်းရန် လူထုလှုပ်ရှားမှုတစ်ရပ်ကို စတင်ခဲ့ကြောင်း” သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပြေးမီဒီယာ(၈)ခုရဲ့ သတင်းအရည်အသွေး စစ်တမ်း၊ အမြန်လမ်းမိုင်းကွဲတဲ့ကိစ္စ၊ TNLA ဖွင့်မယ့် ကျောင်းပေါင်း(၅ဝဝ)ကျော်နဲ့ ပညာရေးအတွေး၊ ဇီလန်စကီးကို အလံဖြူထောင်ခိုင်းတဲ့ ပုပ်ရဟန်းမင်းကြီး (၁ဝ-၃-၂ဝ၂၄)
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ