မန္တလေးမြို့တွင် (၂)လကျော်ကာလအတွင်း မီးလောင်မှုပေါင်း (၃၀)ကျော်ဖြစ်ပွားခဲ့ကာ သေဆုံးသူ(၅)ဦးထိရှိခဲ့
သန့်ဇင် (NSS) - မတ် ၈
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် (၂)လကျော်ကာလအတွင်း မီးလောင်မှုပေါင်း (၃၀)ကျော်ဖြစ်ပွားခဲ့ကာ သေဆုံးသူ(၅)ဦးထိ ရှိခဲ့ကြောင်း မန္တလေးခရိုင်မီးသတ်စခန်းထံမှ သိရသည်။ မန္တလေးမြို့တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လ ၇ ရက်အထိ ရက်ပေါင်း(၆၇)ရက်အတွင်း မီးလောင်မှု(၃၅)ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"နှစ်စကနေ ခုလထိဆိုရင် မီးလောင်မှုက (၃၅)ကြိမ်ရှိတယ်။ အဲဒီထဲကမှ မီးလောင်ပြီး သေဆုံးမှု ကတော့ လူ(၅)ဦးထိရှိခဲ့တယ်။ မီးလောင်မှုအများဆုံး ဖြစ်တာတော့ ပေါ့ဆမီးနဲ့ဝါယာရှော့ကြောင့် လောင်တဲ့မီးက အများဆုံးဖြစ်တယ်။ အဓိကကတော့ လျှပ်စစ်မီးကြောင့် အများဆုံးလောင်တာပါ။ မန္တလေး တစ်တိုင်းလုံးအတိုင်းအတာနဲ့ဆိုရင်တော့ (၁၀ဝ)ကျော်လောက်ထိရှိမယ်"ဟု မန္တလေးခရိုင်မီးသတ် စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS သို့ပြောသည်။
အဆိုပါမီးလာင်မှုများတွင် မီးလောင်ပြင် အတွင်းသေဆုံးသူ(၅)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ များလည်းရှိခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ "နွေရောက်ပြီဆိုတော့ ခဏ ခဏလောင်တယ်။ မီးကလည်း လာလိုက်မလာလိုက် ဆိုတော့ လောင်တာပေါ့။ ဝါယာရှော့ကြောင့် လောင်တာများတယ်။ ပြောရရင်တော့ တစ်ချို့ဆို အပြင် ထွက်သွားပြီး အိမ်မှာမီးမပိတ်ခဲ့လို့ လောင်တာတွေ ကလည်းရှိတယ်။ အဲဒါကြောင့် လျှပ်စစ်မီးကို ဂရုစိုက် ကြဖို့နဲ့ မီးမပေါ့ကြဖို့ပဲ ပြောချင်ပါတယ်"ဟု မန္တလေး မြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက အကြံပြုပြောကြားထားသည်။
ထို့ပြင် မန္တလေးမြို့၌ ယခုတစ်ပတ်အတွင်း မီးလောင်မှု(၅)ခုထိရှိခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း(၂)ထိ မီးလောင် သေ ဆုံးခဲ့ကြောင်း သိရသည်။ အလားတူ ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ)ရပ်ကွက်၊ ကံကြီးကုန်းရပ်၊ ၁၂၄လမ်းနှင့် ၅၁လမ်း၌ ဆိုလာဖြင့် ဘတ္ထရီအားသွင်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် လူနေအိမ်(၂၄)လုံးထိပျက်စီး ဆုံးရှုံးခဲ့ရကာ (၂)ကျော်ကာလအတွင်း မန္တလေးမြို့၌ အကြီးမားဆုံးမီးလောင်မှုဖြစ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆွီဒင်အဖွဲ့ဝင်သစ်နှင့်အတူ မြောက်ဝင်ရိုးစွန်းတွင် အားကောင်းလာမည့် နေတိုးမဟာမိတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း