ဆွီဒင်အဖွဲ့ဝင်သစ်နှင့်အတူ မြောက်ဝင်ရိုးစွန်းတွင် အားကောင်းလာမည့် နေတိုးမဟာမိတ်
ALynn (NSS) - မတ် ၈
၂၀၂၂ ခုနှစ်၊ မေလတွင် နေတိုးအဖွဲ့ဝင်အဖြစ် ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့က တစ်ပြိုင်နက် လျှောက်ထားရာတွင် နေတိုး၏ လုပ်ငန်းစဉ်သမိုင်းတစ်လျှောက် ၎င်းတို့တရားဝင်အဖွဲ့ဝင်ဖြစ်လာရေး အမြန်ဆုံးဆောင်ရွက်ပေးမည်ဟု နေတိုးအရာရှိများက အာမခံခဲ့ကြသည်။
သို့သော် ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ဖင်လန်သည် တရားဝင်အဖွဲ့ဝင်ဖြစ်လာခဲ့သော်လည်း ဆွီဒင်နိုင်ငံကမူ နောက်ကျ ကျန်ရစ်နေခဲ့ခြင်းကြောင့် ထိုတစ်နှစ်တာခန့်သည် ဆွီဒင်အစိုးရအတွက် စိတ်ကသိကအောက် ဖြစ်စရာအခြေအနေဖြစ်ခဲ့သည်။ တူရကီနှင့် ဟန်ဂေရီတို့ကမူ ဆွီဒင်အနေဖြင့် နေတိုး၏ လုံခြုံရေး လွှမ်းခြုံမှုအောက် တရားဝင်ခိုလှုံခွင့်ရရန် ထိုအချိန်ကာလလောက်ကို သည်းခံစောင့်စားရမည်ဟု ဆိုသည်။
ဆွီဒင်အနေဖြင့် နေတိုးအဖွဲ့ဝင်ဖြစ်ရေး တူကီယဲပါလီမန်၏ အတည်ပြုချက်ရရန် လ ၂၀ စောင့်စားခဲ့ရသလို ဟန်ဂေရီထံမှလည်း ရက်သတ္တပတ်အနည်းငယ်စောင့်ဆိုင်းခဲ့ရသည်။ အမေရိကန်မှ F-16s တိုက်ဂျက်လေယာဉ်များရောင်းချရန်သဘောတူညီခဲ့သည်နှင့်တစ်ပြိုင်နက် တူကီယဲသည် ဆွီဒင်အား လက်ခံရန် မီးစိမ်းပြခဲ့ပြီး ဟန်ဂေရီသည်လည်း ဆွီဒင်ထံမှ JAS-Gripens တိုက်ဂျက် လေယာဉ် (၄)စင်းဝယ်ယူရန် သဘောတူညီမှုရရှိချိန်တွင် ဆွီဒင်အား နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံရန် သဘောတူခဲ့သည်။ ဤသို့ဖြင့် ဆွီဒင်သည် မတ်လ ၇ ရက် (ကြာသပတေးနေ့) မှစ၍ နေတိုး၏ အဖွဲ့ဝင်သစ်ဖြစ်လာခဲ့သည်။
ဆွီဒင်သည် နေတိုးမဟာမိတ်၏ပြင်ပတွင်သာ နေလိုသဖြင့် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက နေတိုးနိုင်ငံများနှင့် နှစ်ဦးသဘောတူ လုံခြုံရေးစာချုပ်များစွာချုပ်ဆိုခဲ့သည်။ သို့သော် နေတိုး အဖွဲ့ဝင်အားလုံးသည် နေတိုးစာချုပ်၏ ပုဒ်မ ၅ အရ “တစ်ဦးအတွက်အားလုံး၊ အားလုံးအတွက် တစ်ဦး” ဟူသည့်အာမခံချက်မျိုး လက်တွေ့တွင် ချည်နှောင်ထားနိုင်ခြင်းမရှိပါ။ ဆွီဒင်သည် ကနဦး ပိုင်းက နေတိုးအဖွဲ့ဝင်ဖြစ်ရန်မရည်ရွယ်ခဲ့သော်လည်း ရုရှားက ယူကရိန်းကို စတင်တိုက်ခိုက်ချိန် တွင် အိမ်နီးချင်းဖင်လန်က နေတိုးအဖွဲ့ဝင်ဖြစ်ရန် မဆိုင်းမတွကြိုးပမ်းလာခြင်းများက ဆွီဒင်အား နေတိုးအဖွဲ့တွင် ပါဝင်ရန် တွန်းအားများဖြစ်စေခဲ့သည်။
နေတိုးအဖွဲ့တွင် ဆွီဒင်နိုင်ငံပါဝင်လာခြင်းကြောင့် အာတိတ်ဒေသအတွင်း နေတိုး၏ တည်ရှိမှုကို ပိုမိုအားဖြစ်လာစေသည်။ အာတိတ်တွင် ရုရှား၏ ရေငုပ်သင်္ဘောမှပစ်လွှတ်ရသည့် ဒုံးကျည်များ၊ မဟာဗျူဟာကျ လက်နက်များရှိနေရာ ဆွီဒင်နိုင်ငံ နေတိုးအဖွဲ့ဝင်ဖြစ်လာခြင်းသည် ရရှားအတွက် စိုးရိမ်စရာအခြေအနေဖြစ်လာစေသည်။ ဆွီဒင်၏ ပထဝီဝင်အနေအထားအရ အရေးပါမှုများအပြင် နေတိုး၏ လက်နက်တိုက်တွင် ဆွီဒင်၏ မဟာဗျူ ဟာကျလက်နက်များပါဝင်လာခြင်းကြောင့် နေတိုးမဟာမိတ်အတွက် စစ်ရေးအရအားသာချက်တစ်ခုဖြစ်လာသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံပြန်ရန် စျေးဝယ်ထွက်စဉ် ကားတိုက်ခံရပြီး သေဆုံးခဲ့သော မြန်မာလုပ်သားကို မလေးရှားနိုင်ငံတွင် ယနေ့ မီးသဂြိုလ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း