မြန်မာ့ပင်လယ်ပြင်တွင် စက်လှေတစ်စီးပေါ်မှ ငွေကျပ် ၅ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - မတ် ၇
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရှိ လယ်ပြင်တွင် စက်လှေတစ်စီးပေါ်မှ ငွေကျပ် ၅ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လ ၁ရက်၊ မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် ပုသိမ်မြို့နယ်၊ ချောင်းသာကျေးရွာအနီး၊ သဲဖြူကျွန်းအနောက်မြောက်ဘက်၊ ရေမိုင် ၅မိုင်ခန့်အကွာ၊ ပင်လယ်ပြင်ရှိ စက်လှေတစ်စီးပေါ်၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်လှေကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာ စက်လှေပေါ်မှ ငွေကျပ် ၅ ဒသမ ၂ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၆ ဒသမ ၂သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါနေ့ ညနေ ၃နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်၌ အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင်ပူးပေါင်းပါဝင်သူ မောင်မောင်လေး(ခ)သိန်းဝင်းကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ညနေ ၅နာရီအချိန်တွင်လည်း ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာတွင်လည်း ၎င်းစိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ပေးခဲ့သူများဖြစ်သည့် ဝင်းသိန်းထွန်း(ခ)နေသူနှင့် လင်းထွန်းဟန်(ခ)သားပု တို့(၂)ဦးကို စက်လှေတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ (၃)ဦးကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူး ယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်တရုတ်ပင်လယ်အတွင်းရှိ ၎င်း၏အခွင့်အရေးများကို တရားဝင်ကာကွယ်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း