နိုင်ငံကူးလက်မှတ် QR Code ရက်ချိန်းအတုဖြင့် လိမ်လည်သူများရှိနေ
Pearl (NSS) - မတ် ၃
နိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင် QR Code အစစ်၊ ရက်ချိန်းအတုဖြင့်ပြုလုပ်သူ နေ့စဉ် (၅)ဦးခန့် ရှိနေ၍ ပွဲစားများ ဖြင့်မပြုလုပ်ရန် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးမှ အရာရှိတစ်ဦးက သတိပေးပြောကြားသည်။
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပုသိမ် နှင့် နေပြည်တော်တို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားမှုများကို Online Booking တင်၍ QR စနစ်ဖြင့် နိုင်ငံကူးလက်မှတ်များကို ပုံမှန် လုပ်ငန်းစဉ်အတိုင်း စိစစ်ထုတ်ပေးနေလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံကူးလက်မှတ် အမြန်ရရှိမည်ဟုဆိုကာ QR အစစ်၊ ရက်ချိန်းအတုဖြင့် လိမ်လည်ဆောင်ရွက် ပေးနေမှုများရှိနေပြီး အဆိုပါ QR အစစ်၊ ရက်ချိန်းအတုဖြင့် လာရောက်လျှောက်ထားသူသည် တစ်ရက်လျှင် (၄) ဦး သို့မဟုတ် (၅) ဦးခန့် ကို နေ့စဉ်တွေ့နေရကြောင်း အထက်ပါအရာရှိတစ်ဦးကပြောသည်။
“QR ကတော့ အမှန်ပဲ။ ဥပမာဆိုပါစို့ (၅)လ ပိုင်းမှာကျတဲ့ Date ကို ၊ (၂) လပိုင်းမှာ လုပ်လို့ရပါတယ်ဆိုပြီးတော့ QR အစစ်ပဲ ရက်ကလေးလွှဲထားတာပေါ့။ အဲဒီလိုလိမ်တာ။ တစ်နေ့ကို အနည်းဆုံး (၄ / ၅) ယောက်ကို နေ့တိုင်း နေ့တိုင်း တွေ့ကြုံနေရတယ်” ဟု မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးမှအရာရှိတစ်ဦးက NP News ကို ပြော သည်။
ထို့ပြင် Online မှတစ်ဆင့် လျှောက်ထားရာတွင် ငွေကျပ် ၃၅၀ဝ၀ သာကျသင့်မည်ဖြစ်သော်လည်း လိမ်လည်သူ များအနေဖြင့် ငွေကျပ်သိန်းဆယ်ချီကာ တောင်းခံနေမှုများရှိကြောင်းလည်း သိရသည်။
“အဓိက လူထုကိုပြောချင်တာက အမြန်ရပါ သည်ဆိုတဲ့ဟာက လုံးဝမဟုတ်ပါ။ အမြန်ရသည်၊ ဆောင်ရွက်ပေး မယ်ဆိုတာကို လုံးဝမလုပ်ဖို့ပဲ။ လုံးဝ ကျော်လုပ်လို့မရပါဘူး။ Online တင်တာကိုလည်း ကိုယ့်ဟာကိုယ် စိစစ်ပြီး တော့ တင်ဖို့လိုတယ်။ Online တင်တဲ့ အခါမှာ သိနားလည်တတ်ကျွမ်းတဲ့ အသိမိတ်ဆွေ၊ ရင်းနှီးတဲ့လူ၊ နားလည်တဲ့ လူနဲ့ တင်ဖို့လိုတယ်။ တကယ်အခက်အခဲဖြစ်နေရင်လာပါ။ ကျောင်းကိစ္စ အခက်အခဲ၊ ဆေးရုံကိစ္စ အခက်အခဲ၊ အလောတကြီး လိုအပ်တဲ့အရေးတကြီးလိုအပ်တယ်ဆိုတဲ့ဟာတွေလာပါ။ တွေ့ဆုံပါ။ ဘယ်လို လျှောက်ထားရ တယ်ဆိုတဲ့ဟာတွေ ဒီဘက်ကနေ တင်ပြပေး၊ အကုန်လုပ်ပေးနေတယ်” ဟုလည်း အထက်ပါအရာရှိက ပြောသည်။
ပညာရေးကိစ္စရပ်များ နှင့် အရေးပေါ်ကျန်းမာရေးကိစ္စများဖြင့် ပြည်ပသို့အချိန်မီသွားရောက်ရန် လိုအပ်သူများ အနေဖြင့် အထောက်အထား ခိုင်လုံစွာဖြင့်လာရောက်၍ တွေ့ဆုံနိုင်ပြီး နိုင်ငံကူးလက်မှတ် အမြန်ရရှိရန်အတွက် Green Channel ဖြင့် စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)၌ နေ့စဉ်တစ်ရက်လျှင် လူဦးရေ (၂၇၀ဝ)ခန့်ကို နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးနေ လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
International collaboration needed to prevent extinction of marine mammals in Myanmar
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ