ကနီမြို့နှင့် ပင်လည်ဘူးမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်း(၅၀)ကျော်ကို PDF အဖွဲ့က ဖမ်းဆီးထား
Pearl (NSS) - မတ် ၂
ကနီမြို့နှင့် ပင်လည်ဘူးမြို့တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်း(၅၀)ကျော်ကို PDF အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ (မတ်လ ၂ရက်)၊ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် တပ်မတော်လုံခြုံရေးအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲ ပြင်းထန်မှုနှင့်အတူ ကနီမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရေးဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ထွေအုပ်ရုံးတွင် ရောက်ရှိနေသည် ကျန်းမာရေးဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ စုစုပေါင်း (၄၀)ကျော်ကို PDF ပူးပေါင်း အဖွဲ့က ဝင်ရောက်ဖမ်းဆီးကာ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
"ကနီကတော့ ခန့်မှန်း (၄၀)ကျော်ပါတယ်။ ပညာရေးဝန်ထမ်းတွေကို အ.ထ.က ကျောင်းထဲ ဝင်ဖမ်းသွားတာ။ ကျန်းမာရေးဝန်ထမ်းတွေကတော့ ဆေးရုံထဲမှာ နေတာမဟုတ်ဘူး။ စုပေါင်းရုံးထဲမှာလို့ ပြောတယ်။ ထွေအုပ်ရုံးပေါ့။ အဲဒီမှာ လာဖမ်းသွားတာ။ ပြန်မလွှတ်သေးဘူး။ အခြေအနေက မထူးခြားသေးဘူး" ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက NSS ကို ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့၌ ယနေ့၊ နံနက် (၅)နာရီခန့်က တပ်မတော်နှင့် PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ပညာရေးဝန်ထမ်း၊ စိုက်ပျိုးရေးဝန်ထမ်းနှင့် ၎င်းတို့၏ မိသားစုဝင်အချို့ကိုလည်း PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ကြောင်း ထပ်မံသိရသည်။
"ပင်လည်ဘူးကတော့ (၂၀)ကျော်လို့ ပြောတယ်။ ပညာရေးဝန်ထမ်းနဲ့ မိသားစုတွေ။ နောက်စိုက်ပျိုးရေး ဝန်ထမ်းလည်း ပါတယ်။ လမ်းတစ်ဝက်မှာတော့ ပြန်လွှတ်ပေးတာရှိတယ်။ အကုန်တော့မဟုတ်ဘူး။ စိုက်ပျိုးရေးဝန်ထမ်းတွေကိုတော့ ပြန်လွှတ်ပေးတယ်။ ပညာရေးဝန်ထမ်း (၁၂)ယောက်လောက်ကိုတော့ ဆက်ပြီး ဖမ်းထားတယ်လို့ ပြောတယ်။ မိသားစုဝင်တွေရောပေါ့" ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင်လည်း PDF အဖွဲ့ဝင်များသည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ၊ ထားဝယ်နည်းပညာတက္ကသိုလ်မှ ဒုပါမောက္ခချုပ် ဒေါက်တာကျော်အောင်နှင့် ဌာနမှူး (၂)ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ဖူးသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ကလေးတက္ကသိုလ်ကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်စီးနင်းကာ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂိုဏ်းအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဟေတီနိုင်ငံ မြို့တော်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားလျက်ရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း