ရန်ကုန်မြို့ လှိုင်မြစ်အတွင်းရှိ သင်္ဘောတစ်စင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး (၂)ဦးသေ၊ (၂)ဦးပျောက်ဆုံးနေ
မြူနစ်၊ သန့်ဇင် (NSS) - မတ် ၂
ရန်ကုန်မြို့ လှိုင်မြစ်အတွင်းရှိ သင်္ဘောတစ်စင်း မီးလောင်ပေါက် ကွဲမှုဖြစ်ပွားခဲ့ရာ လူ(၂)ဦးသေဆုံးပြီး (၂)ဦး ပျောက်ဆုံးနေလျက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်သည် မတ်လ ၁ ရက် နံနက် ၂ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် မြို့နယ် စက်ဆန်းအောက်ရုံအလတ် ချောင်းရပ်ကွက် လှိုင်မြစ်အတွင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သော သင်္ဘောသည် ဣန္ဒာ- ၆ တွန်းသင်္ဘောတစ်စင်း ဖြစ်ပြီး အလျားပေ (၁၀ဝ) ကျော်နှင့် အနံမှာ (၉)ပေခန့်ရှည်ကြောင်း သိရသည်။
“အဓိကတော့ သင်္ဘောတစ်စင်းပေါ်ကနေ နောက်တစ်စင်းပေါ်ကို ဆီကဲ့တာပေါ့။ အဲဒီလို ဆီကဲ့တဲ့အခါကျတော့ ဆီစုပ်တဲ့ပန့် ရှိတာပေါ့။ သူက ရေမြှုပ်ပန့်သုံးပြီးတော့ ဟိုဘက်သင်္ဘော၊ ဒီဘက် သင်္ဘောဆီကဲ့တာပေါ့။ အဲဒီအချိန်မှာ ဆီပန့်အပူ လွန်ပြီးတော့မှ မီးထတောက်တာပေါ့။ မီးထတောက် ပြီးတော့မှ ပေါက်ကွဲပြီး ပွင့်ထွက်သွားတာပေါ့။ ပေါက်ကွဲလို့ လူနှစ်ယောက်သေသွားတာပေါ့။ ဖြစ်စရာကတော့ အဲဒီနေရာကပဲရှိတယ်။ ဆီပန့်က ပုံမှန်မဟုတ် တဲ့ပန့်လို့တော့ ယူဆရတာပေါ့”ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက NSS ကို ပြောသည်။
အထက်ပါသင်္ဘော မီးလောင်မှုဖြစ်စဉ်သည် မတ်လ ၁ ရက် နံနက် ၂ နာရီ ၂၀ မိနစ်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သက် ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးမှုဖြင့် နံနက် ၃ နာရီ ၃၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ကာ ၃ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်း သွားခဲ့ကြောင်း ၎င်းက ဆက်လက် ပြောသည်။
“သင်္ဘောကတော့ တစ်စင်းပဲ လောင်သွားတာ။ နောက်တစ်စင်းက ကြိုးဖြုတ်ပြီးတော့ ခွာသွားတာပေါ့။ မီးလောင် သွားတာက ဣန္ဒာ-၆ သင်္ဘောပါ။ သူက ဆီတင် သင်္ဘောပဲ။ ဒီဇယ်တင်တဲ့ သင်္ဘောပါ။ သင်္ဘောက မနက် ၅ နာရီကျော်ကျော်လောက်မှာ မြုပ်သွားတယ်ကြားတယ်”ဟု အထက်ပါအရာရှိက ဆက်လက်ပြောသည်။
ထို့ပြင် အဆိုပါသင်္ဘော မီးလောင်မှု ဖြစ်စဉ် အတွင်း သင်္ဘောပေါ်ရှိ ကိုသန်းလွင်(၂၅)နှစ်နှင့် ကိုဝေယံ ထွန်း(၁၉)နှစ်တို့ သေဆုံးခဲ့ပြီး ကိုအေးမင်းထွေးနှင့် ကိုကျော်လင်းတို့ (၂)ဦးသည်လည်း ပျောက် ဆုံးနေလျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်အတွင်း ဦးခေါင်းနှင့် ခြေတောက်တို့တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများလည်း ရှိနေကြောင်း သိရသည်။
လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သင်္ဘောမီးလောင်မှုဖြစ်စဉ် အသေးစိတ်ကို စိစစ်နေလျက်ရှိပြီး အမှုဖွင့်အရေးယူရန်အတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
“လောင်တာက သင်္ဘောကတစ်စင်းတည်းပါ။ မြစ်အလယ်လောက်က သင်္ဘောလောင်သွားတာပါ။ ဆီတင် သင်္ဘောပေါ့နော်။ ပေါက်ကွဲသံစကြားမိတာ ည(၂)နာရီကျော်လောက်ကကြားတာ။ ပေါက်ကွဲပြီး တော့ စမီးလောင်တယ်လို့သိရတာ။ ခက်ခက်ခဲခဲနဲ့ပဲမီးငြှိမ်းခဲ့ရတာပေါ့။ မီးသတ်က ရေသင်္ဘောတစ်စင်းနဲ့ ငြှိမ်းရတာ။ လူထိတာလည်းရှိခဲ့တယ်။ ခေါင်းကွဲတဲ့ လူပေါ့နော်”ဟု မီးလောင်မှုဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ် ဦးကလည်း NSS ကို ပြောသည်။
သို့သော် အခြားတစ်ဖက်၌ ယခုကဲ့သို့ မီးလောင်မှုဖြစ်ပွားခဲ့သောသင်္ဘောသည် တပ်မတော်၏ စစ်လေယာဉ်၊ ရဟတ်ယာဉ်များတွင် အသုံးပြုမည့် လေယာဉ်ဆီများ သယ်ဆောင်လာခြင်းဖြစ်ပြီး ထိုသင်္ဘော ကို ရန်ကုန်တိုင်း ပကဖ (ရေငုပ်အထူးတပ်ဖွဲ့) က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု NUG ဘက်က ထုတ်ပြန်လာသည်ကို တွေ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစကဘက်က လည်း မီးလောင်ပေါက်ကွဲမှုကြောင့် သင်္ဘောလုပ်သား (၂)ဦးသေဆုံးပြီး (၂)ဦး ပျောက်ဆုံးနေကြောင်း နှင့် မီးလောင်မှုကြောင့် ဣန္ဒာ-၆ ရေယာဉ်၏ ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ်သိန်း ၈၀ နှင့် ဒီဇယ်ဆီ ၈၀ဝ ဂါလန်ခန့် ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ယခု ရက်ပိုင်းအတွင်းတွင်လည်း ရန်ကုန်မြို့ရှိ နေရာအချို့တွင် ပေါက်ကွဲမှုဖြစ်စဉ်များ မကြာခဏ ဆိုသကဲ့သို့ ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြန်မကြိုက်သည့်အမျိုးသမီးကို မိဘများရှေ့တွင် ဝက်လက် PDF က ပစ်သတ်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း