ပဲခူးနှင့်မကွေးတိုင်းတို့တွင် ငွေကျပ် (၃)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၂၉
ပဲခူးတိုင်း၊ ပြည်မြို့နယ် နှင့် မကွေးတိုင်း၊ မင်းလှမြို့နယ်တို့တွင် ငွေကျပ် (၃)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြီးခဲ့သည် ဖေဖော် ဝါရီလ ၁၃ ရက်၊ နံနက် ၉နာရီအချိန်တွင် ပြည်မြို့နယ်၊ နဝဒေးတံတားထိပ်တွင် စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်ဘက်မှ ပန်းတောင်းဘက်သို့ ဟိန်းပိုင်ဦး(ခ)ကိုပိုင် (ခ)သားညီ မောင်းနှင်လာသည့် ISUZU Light Truck ကားကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးရှာဖွေရာ ကားပေါ်တွင် အိမ်သုတ်ဆေးပုံးများနှင့် Compressor လေအိုးများအတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၁ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်များအရ အဆိုပါနေ့၊ ည ၇နာရီခွဲအချိန်တွင် မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်း၊ မိုင်တိုင်အမှတ် (၂၀၅)အနီးတွင် အောင်ကိုလက်၊ ဇော်မြင့်(ခ)ရေခဲ့နှင့် လင်းလင်းထိုက်တို့(၃)ဦးကို စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၄ သိန်းအပြင် Bighorn ကားတစ်စီးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖေဖော်ဝါရီလ ၁၄ ရက်တွင် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်လှကို မင်းတုန်းမြို့ရှိ တည်းခိုခန်းတစ်ခု၌ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့ထံမှ စုစုပေါင်းငွေကျပ် ၃ ဒသမ ၃ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ ဒသမ ၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး အဆိုပါဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြားများအား ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်နယ်စပ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသောမြန်မာများအနေ ဖြင့် နိုင်ငံကူးလက်မှတ်မရှိပါက မြန်မာသံရုံးတွင် သက်သေခံလက်မှတ် လျှောက်ထားနိုင်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း