"တစ်ကျပ်ရရင် တစ်ကျပ်ဖိုးပဲသုံးမယ်ဆိုတဲ့ အိမ်ရှင်မဆန်တဲ့ ပေါ်လစီက မှားနေတယ်" (အင်တာဗျူး)
အေဝိုင်အီး၊ ယွန်း (NSS) - ဖေဖော်ဝါရီလ ၂၉
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တပ်မတော်က အာဏာရယူခဲ့ပြီးနောက်ပိုင်းမှစ၍ ပြည်တွင်း၌အခြေခံစား သောက်ကုန်များအပြင် ဆောက်လုပ်ရေးသုံးပစ္စည်းများသည် တစ်စတစ်စ ဈေးနှုန်းမြင့်တက်လာခဲ့သည်။ အစိုးရအနေဖြင့် ဆောက်လုပ်ရေးကဏ္ဍကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် သွင်းကုန် ပါမစ်များကို လွတ်လပ်စွာခွင့်ပြုပေးသင့်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်အချို့၏ ပြောဆိုမှုများ လည်းရှိနေသည့် အတွက် NSS ဂျာနယ်က Myanmar Developer Association (MDA) ဥက္ကဋ္ဌ ဦးသန်းနိုင်အား တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ၂၀၂၁ နစကအာဏာရယူခဲ့တဲ့ အချိန်ကနေ အခု ၂၀၂၄ အထိ မြန်မာနိုင်ငံရဲ့ဆောက်လုပ်ရေး လုပ်ငန်းဟာ တိုးတက်လာတယ်လို့မြင်လား။ ဆုတ်ယုတ်သွားတယ်လို့ မြင်လား။ ဘယ်လိုဖြစ်လာသလဲ။
ဖြေ။ ။ ကျွန်တော့်အနေနဲ့မြင်တာတော့ လုပ်ငန်းတွေ အနေနဲ့ကတော့ ဆုတ်ယုတ်သွားတယ်။ ဒါပေမဲ့ ဈေး နှုန်းတွေအနေနဲ့ကတော့ ထိုးတက်လာတယ်။ အဲဒီလိုတော့မြင်မိပါတယ်။
မေး။ ။ ၂၀၂၁ နဲ့ ၂၀၂၄ နှိုင်းယှဉ်ရင် ဈေးနှုန်းက ဘယ်လောက်ရာခိုင်နှုန်းလောက် မြင့်တက်လာတာ လဲ။
ဖြေ။ ။ ဥပမာ ၂၀၂၁ တုန်းက သံတစ်တန်ရဲ့ဈေးက (၁၅)သိန်း၊ (၁၆)သိန်း ပတ်ချာလည်မှာပဲရှိတယ်။ အခု ၂၀၂၃ အကုန်လောက်ကစပြီး (၂၈)သိန်းကနေ ပြီးတော့ ဒီဘက်ကိုရောက်လာတဲ့အချိန်မှာ သိန်း(၃၀) နည်းနည်းစွန်းလာ တယ်ပေါ့။ အဲဒီလိုတွေတက်လာတယ်။ ပြီးတော့ ကွန်ကရစ်လုပ်ငန်းလည်း ဒီအတိုင်းပဲ။ ၂၀၂၁ လောက်တုန်းက (၆၅၀ဝဝ)၊ (၇၀ဝဝဝ)နဲ့ ကွန်ကရစ်ဝယ်ခဲ့တဲ့ဟာက အခုချိန်မှာ (၁၄၀ဝဝဝ)၊ (၁၅၀ဝဝဝ)နီးပါးဖြစ်သွားပြီ။ အားလုံးက နှစ်ဆ တက် သွားတယ်။ အဲဒီလိုပဲ အဆောက်အအုံတွေရဲ့ဈေး တွေကလည်း ကျန်တဲ့ပစ္စည်းတွေ ဈေးတက်တဲ့ အတွက် နှစ်ဆလောက်တက်သွားတာပေါ့။
မေး။ ။ ဒီလိုဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတွေမြင့်တက်သွားတော့ ဘာပဲဖြစ်ဖြစ် အခက်အခဲဆိုတာတော့ ရှိမှာပဲလေ။ အဲဒီတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာ ဘယ်လိုအခက်အခဲတွေဖြစ်လာလဲ။ ဘယ်လို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ။ ။ ဆောက်လုပ်ရေးပစ္စည်းတွေက ဈေးတက်တယ်။ ဈေးတက်တယ်ဆိုတဲ့အခါမှာ နှစ်မျိုးရှိတယ် ပေါ့နော်။ ဒေါ်လာဈေးတက်လို့တက်လာတာမျိုးရှိတယ်။ နောက်တစ်ခုက Import ပါမစ်တွေမှာ ဆောက် လုပ်ရေးက ဦးစားပေးမပါဘူးလို့ဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အစိုးရဆီက နိုင်ငံခြားငွေ မဝယ် ဘူးဆိုရင်တောင် ပါမစ်ရဖို့ခက်တယ်။ ပါမစ် ရဖို့ခက်တဲ့အတွက်ကြောင့် အခုဈေးကွက်ထဲမှာ ပစ္စည်းက အရမ်းရှားပြီးပြတ်လပ်နေတယ်။ ပစ္စည်းပြတ်လပ်တဲ့အခါကျတော့ ရှိတဲ့ပစ္စည်းကိုဈေးတင်ပြီး တော့ ရောင်း ကြတယ်။ အဓိကအခက်အခဲကတော့ ပစ္စည်းဝယ်လို့မရတဲ့အတွက် အဆောက်အအုံအသစ် ထပ် ဆောက်ဖို့ဆို တာတို့ အဆောက်အအုံကို ဆောက်လက်စလူက ရှေ့လုပ်ငန်းဆက်လုပ်ဖို့ဆိုတာ အရမ်း အခက်အခဲ ဖြစ်နေတယ်။ အခုဈေးကွက်ထဲမှာ အခက်အခဲကတော့ အဲဒီလိုအခြေအနေလေးတွေ ဖြစ်နေတယ်။
မေး။ ။ ဒါဆိုရင် အဲဒီအခက်အခဲတွေပြေလည်အောင် ဘယ်လိုမျိုးဖြေရှင်းသင့်လဲ။ နိုင်ငံတော်အနေနဲ့က ကော ဘာတွေလုပ်ပေးသင့်တယ်လို့ မြင်လဲ။
ဖြေ။ ။ နိုင်ငံတော်အနေနဲ့ကတော့ အဓိက ကတော့ ဆောက်လုပ်ရေး Sector က ကျွန်တော်တို့ အမြဲတမ်း ပြောနေသလို အလုပ်အကိုင်အခွင့်အလမ်းလည်း အများကြီးပေးနိုင်တယ်။ လုပ်ခလစာလည်း အမြင့် ဆုံးပေး နိုင်တဲ့ Sector လည်း ဖြစ်တယ်။ အဲဒီတော့ ဒီ Sector ကိုတော့ ပြန်လည်ပတ်အောင်လုပ်မှ နိုင်ငံတော်က စီးပွားရေးဖွံ့ဖြိုးမှာ။ ဘာတွေကိုဖြေရှင်းပေး သင့်လဲဆိုတော့ ဆောက်လုပ်ရေး Sector က ဖြေ ရှင်းရမယ့်ဟာတွေ အများကြီးပဲ။ အများကြီးပဲဆိုတဲ့ နေရာမှာ ခုနပြောသလို ဆောက်လုပ်ရေးလုပ်ငန်း တွေ နည်းနည်းလေးပြန်လည်ပတ်အောင် လုပ်ဖို့ဆို ရင်တော့ Import ပါမစ်တွေကို ဖြေလျှော့ သင့်တယ်။ ဆောက်လုပ်ရေးအတွက်ကို လူကြီးတွေစဉ်းစားနေ တာက အိမ်တစ်အိမ်အနေနဲ့ပြောမယ်ဆို အိမ်ရှင်မ စဉ်းစားသလိုစဉ်းစားနေတာ။ ဥပမာ ငွေတစ်ကျပ် ဝင်ငွေရှိရင် တစ်ကျပ်နဲ့သုံးရမယ်ဆိုတဲ့ ဟာပေါ့နော်။ အကြွေးမတင်ရင်ပြီးရောဆိုတဲ့ဟာနဲ့ တွက်ပြီး။တကယ့်တကယ် စီးပွားရေးလုပ်တဲ့ ယောကျာ်းလေး တစ်ယောက်ရဲ့အတွေးအခေါ်ကျတော့ ဘဏ်က ချေးငွေယူပြီးတော့လည်း လုပ်သင့်ရင် လုပ်ရတယ်။ ထွက်ငွေများရင်များပေမယ့် ဒါသည် Investment ဖြစ်တယ်။ တကယ်တမ်းသွားသင့်တာ နိုင်ငံတော်က ပစ္စည်းတွေနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ထုတ်စေချင်တာ။ ပြည်တွင်းမှာထုတ်ဖို့ဆိုတာက ကျွန်တော် တို့နိုင်ငံမှာ လျှပ်စစ်လုံလောက်အောင်မရှိဘူး။ ကုန်ကြမ်းတွေကအစ မထုတ်နိုင်သေးဘူး။ ဥပမာ သံကို သူတို့က ပြည်တွင်း မှာထုတ်ချင်တယ်။ သံထုတ် တာကို အားပေးမယ်လို့ပြောတယ်။ ပြောပေမယ့် ကျွန်တော်တို့ဆီမှာ လျှပ်စစ်မရှိ တဲ့အတွက် ဒီဇယ်က လည်း Import နဲ့သွင်းတာပဲ။ အဲဒီ ဒီဇယ်နဲ့သုံးပြီး မီးစက်နဲ့လည်ပြီးလုပ်တာတို့၊ လျှပ်စစ်မီးကလည်း မရတဲ့အခါတို့ အဲဒါမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ပစ္စည်းထုတ်တာ ဈေးအရမ်းတက်တယ်။ ဘယ်လိုမှ တရုတ်ကသွင်းတာကို မယှဉ်နိုင်ဘူး။ လုပ်သင့်တာက ဘာလဲဆိုတော့ ရေတို၊ ရေရှည်။ ဥပမာ ဒီ(၃)နှစ်ကို တော့ ပြည်တွင်းထုတ်တဲ့ဟာကို အားပေးဖို့အတွက် စက်ရုံတည်ဆောက်တာတို့ ဘာတို့ညာတို့ကို အစိုးရ ကဝိုင်းပြီးတော့ တည်ဆောက်မယ်။ တည်ဆောက်ပြီး တော့ နောက်(၃)နှစ်ကျရင် ထုတ်မယ်။ နောက်(၅)နှစ်လောက်ကြာရင်တော့ ပြည်ပကတင်သွင်းတဲ့ ပစ္စည်းကို တစ်ဝက်လောက်လျှော့ချရင် လျှော့ချမယ်။ အဲဒီလို ပေါ်လစီလေးနဲ့ သွားသင့်တာပေါ့နော်။ အဲဒီ လိုမဟုတ်ဘဲ ချက်ချင်းကြီး ဒုန်းဆိုပြီး ရပ်လိုက်တဲ့အခါ ကျတော့ ဒီထဲမှာရှိတဲ့လုပ်ငန်းတွေက အဆင်မပြေ တော့ဘူး။ အခုလိုဘာပဲပြောပြော ကြည့်မယ်ဆိုရင် နိုင်ငံခြားထွက် အလုပ်လုပ်တဲ့သူတွေ များသွားပြီ။ ဒါဟာ ပြည်တွင်းမှာ အလုပ်အကိုင်မပေးနိုင်ဘူးဆိုတာ ပေါ်တယ်။ တကယ်က ကျွန်တော်တို့ Sector မှာ အဓိက လိုအပ်နေတာက သွင်းကုန်ပစ္စည်းတွေကို အလွယ်တကူ သွင်းနိုင်ဖို့လိုတယ်။ ဘာလို့လဲဆိုရင် အားလုံးက ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းမှာ ထုတ် နိုင်တဲ့ဟာ မရှိဘူး။ သံဆိုလည်း ပြောနေကြတယ် မြောင်းတကာမှာထုတ်တယ် နိုင်ငံတကာစံမီတယ်တို့ ဘာတို့ညာတို့။ အဲဒါတွေက တကယ့်တကယ်ဆိုရင် အဲဒီလောက်ကြီး မဟုတ်ဘူး။ လုပ်လို့မရဘူး။ ဥပမာ ဘယ်နှထပ်လောက်အထိပဲ မြောင်းတကာသံကိုသုံး။ အဲဒါလည်း ကျွန်တော်တို့နိုင်ငံမှာ လုံလောက်အောင် မထုတ်ပေးနိုင်ဘူး။ အဲဒီလိုမထုတ်နိုင်ဘဲနဲ့ ပြည် တွင်းမှာထုတ်ဖို့ အားပေးဖို့အတွက် ကြိုးစားဖို့အ တွက်ဆိုပြီး ပိတ်လိုက်တယ်။ စောစောကပြောတဲ့ အိမ်ရှင်မ စဉ်းစားနည်းနဲ့စဉ်းစားတယ်။ တစ်ကျပ်ရရင် တစ်ကျပ်ပဲသုံးမယ်ဆိုတဲ့ဟာမျိုး အကြွေးမတင် ရင်ပြီးရောဆိုတဲ့ ပေါ်လစီက တကယ့်တကယ် ကျွန် တော့်အနေနဲ့ပြောရရင်တော့ လွဲမှားနေ တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုရင် ရေတိုရေရှည်သွားရမှာ။ ကျွန်တော်တို့ အလုပ်လုပ်သလိုပေါ့၊ ကျွန်တော့်မှာ ပိုက်ဆံတစ်ကျပ်ပဲရှိတယ်။ ဒီအဆောက်အအုံ ဆောက်ရင် နှစ်ကျပ်ကုန်မယ်ဆိုရင် တစ်ကျပ်ကိုမချေး ဘဲနဲ့ တစ်ကျပ်ကိုပိုမသုံးဘဲနဲ့ ဘယ်လိုဆောက်မလဲ။ လုပ်လို့မရနိုင်ဘူး။ အဲဒီအလုပ်ကိုလုပ်မှ အလုပ်သမား တွေကလည်း အဆင်ပြေမယ်။ စားလို့ရမယ်။ အဲဒီဟာ ပြီးသွားရင်လည်း ပြန်ရောင်းတာကနေ ပိုက်ဆံရမှ စီးပွားရေးကအဆင်ပြေမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်ကျပ်ကို တစ်ကျပ်ပဲသုံးမယ်ဆိုရင်တော့ စီးပွား ရေးလုပ်တဲ့သူရဲ့ Idea မဟုတ်ဘူး။ တစ်ကျပ်ပဲရှိတယ် တစ်ကျပ်ပဲသုံးလို့ဆိုပြီး လုပ်လို့မရဘူး။ ဒါပေမဲ့ လူကြီးတွေလည်း သူတို့အခက်အခဲနဲ့သူတို့ ဘာစဉ်း စားလဲတော့ ကျွန်တော်လည်းမသိဘူး။
မေး။ ။ ဆောက်လုပ်ရေးလုပ်ငန်းဆိုတာ အလုပ်အ ကိုင်အခွင့်အလမ်းတွေလည်း အများကြီးရှိတယ်။ အလုပ်သမားတွေလည်း အများကြီးပေးနိုင်တယ်။ ၂၀၂၁ နဲ့ယှဉ်မယ်ဆိုရင် အခုနောက်ပိုင်းမှာတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုပြီးရှားသွား မယ်လို့ထင်တယ်။ နှစ်စဉ်ဆောက်လုပ်ရေးလုပ်ငန်း ကနေပြီးတော့ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်ပေးနိုင်လဲ။
ဖြေ။ ။ ဦးသိန်းစိန်လက်ထက် အရမ်းကောင်းခဲ့တဲ့ အချိန်တုန်းက အလုပ်ပေးနိုင်တာ သန်းဂဏန်း လောက်အထိရှိတယ်။ အဲဒီအချိန်တုန်းက ဘာတွေပါ ဖြစ်ခဲ့လဲဆိုတော့ စီးပွားရေးတွေပြန်ကောင်းလာတယ်။ အဆောက်အအုံအသစ်တွေ ပြန်ဆောက်လာတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာတော့ နိုင်ငံခြားမှာ ရောက်နေတဲ့ မြန်မာအင်ဂျင်နီယာတွေကို ကျွန်တော် တို့ပြန်ငှားပြီးတော့ စင်ကာပူလစာနဲ့ပေးပြီး အလုပ် ပြန်ခန့်နိုင်တယ်။ ဟိုဘက်ကလူတွေ ဒီဘက်ကို ပြန် လာနိုင်အောင်အထိ လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၆ ဦးဖြိုးမင်းသိန်းတို့ အထပ်အမြင့်ရပ်လိုက်တဲ့အချိန်မှာ အဲဒီလူတွေကလည်း အကုန်ပြန်ကုန်ကြတယ်။ အဲဒီ အချိန်မှာစပြီး ဂယက်ကရိုက်လာတာပေါ့။ ၂၀၂၁ က နေနောက်ပိုင်း ဒီဘက်ဆိုရင်တော့ တော်တော်လေး ကျသွားတဲ့ပုံရှိတယ်။ ဘာတွေကျသွားလဲဆိုရင်တော့ နံပါတ်(၁) တင်ဒါတွေမှာ အစိုးရတင်ဒါတွေလည်း သိပ်မထွက်တော့ဘူး။ အစိုးရတင်ဒါတွေကလည်း ထွက်လို့ရှိရင် မကိုက်ဘူးဆိုတာသိတယ်။ နိုင်ငံတော် ကလည်း ဘတ်ဂျက်ကိုချုံ့လိုက်တယ်။ မလိုအပ်တဲ့ အဆောက်အအုံတွေဆောက်တဲ့ဟာကို ထိန်းရမယ် ဆိုပြီး ဘတ်ဂျက်ကိုချုံ့ပစ်လိုက်တယ်။ အဲဒီမှာတင် အစိုးရတင်ဒါတွေထွက်လာတာနည်းသွားတာ။ နောက်ပြီးတော့ ကိုယ်ပိုင်ဆောက်တယ်ဆိုတဲ့ ဟာ တွေကလည်း နည်းလာတဲ့အတွက်ကြောင့် အခုဆိုရင် ကျွန်တော်ထင်တယ် သိန်းဂဏန်းလောက်ပဲရှိတော့ မယ်။ (၄)(၅)သိန်းလောက်ပဲ ရှိလိမ့်မယ်။ အဲဒီ ထက်တော့ ပိုစရာမရှိဘူး။ အလုပ်တွေအများကြီး နည်းသွားတယ်။
မေး။ ။ ဒီလိုမျိုး ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးတွေ အဆမတန်တက်ပြီးတော့ ပစ္စည်းတွေလည်း ရှားပါးမှု တွေနဲ့ကြုံတဲ့အခါမှာ နိုင်ငံတော်ကလုပ်တဲ့ အိမ်ရာ စီမံကိန်းတွေနဲ့ ကိုယ်ပိုင်လုပ်တဲ့ Developer တွေနဲ့ ဆိုရင် ဘယ်သူကပိုပြီးထိခိုက်မှုပိုများလဲ။
ဖြေ။ ။ ထိခိုက်မှုများတာကတော့ နိုင်ငံတော် စီမံကိန်း ယူတဲ့သူက ဒီနေ့ယူ နောက်နေ့ရှုံးပဲ။ ဘာလို့လဲဆိုရင် တင်ဒါဈေးနှုန်းတွက်ချက်ပုံရှိတယ်။ တင်ဒါက သူတို့ Yellow Book နဲ့တွက်ချက်တယ်။ အစိုးရဆီမှာ ဈေးနှုန်းရှိတယ်။ ဥပမာ ဘယ်ဒေသရဲ့ပေါက်ဈေး ဆိုပြီးတော့။ အဲဒီစာအုပ်ထဲမှာတွက်တဲ့ ဈေးနှုန်း ကိုယ်တိုင်က ပြင်ပမှာပစ္စည်းဝယ်လို့မရဘူး။ အဲဒီနှုန်း နဲ့တွက်ချက်ပြီးတော့ တင်ဒါခေါ်တာ။ တင်ဒါခေါ်ပြီး တော့မှ အဲဒီနှုန်းထက် (၅)ရာခိုင်နှုန်းကနေ (၁၀) ရာ ခိုင်နှုန်းနည်းမှ တင်ဒါအောင်ပေးတာ။ အစကတည်း ကလွဲ နေတာ။ ဥပမာ ဈေးနှုန်းက ကာလပေါက်ဈေးထက် လည်းနည်းတဲ့ စာအုပ်ကြီးကို Reference ယူထား တယ်။ Yellow Book ဆိုတာရှိတယ် သူတို့မှာ။ အဲဒါ နဲ့တွက်ချက်တယ်။ တွက်ချက်ပြီးတော့ အဲဒီဟာထက် (၅)ရာခိုင်းနှုန်းလျော့ဦးမှ တင်ဒါက အောင်တယ်ဆို တော့ နဂိုတည်းကဝယ်လို့မရတဲ့ဟာကို ဆောက်ခိုင်းတာ။ အဲဒီတော့ Quality က မကောင်းတာတို့၊ ကန်ထရိုက် ထွက်ပြေးတာတို့ ထည့်မပြောနဲ့တော့။ နဂိုတည်းကလွဲ နေပြီ။ အဲဒါကြောင့်မလို့ အိမ်ရာစီမံကိန်းတွေမှာလည်း တချို့တွေ တိုးလိုးတန်းလန်းတွေဖြစ်လို့ ပြီးခဲ့တဲ့ပြည် သူ့အငှားအိမ်ရာစီမံကိန်းရန်ကုန်ဆိုရင် ထပ်တိုး ဘတ်ဂျက်တောင်ပေးခဲ့ရတယ်။ မပြီးတဲ့ အဆောက်အ အုံတွေအတွက်ဆိုပြီး တိုးပေးခဲ့ရတယ်။ အခု Private Sector တွေမှာလည်း အထိနာတယ်။ ဘယ်လို အထိနာလဲဆိုတော့ ကြိုပွိုင့်တွေကို ကြိုရောင်း လိုက်တယ်။ ရောင်းရင်းနဲ့ဆောက်ရင်းနဲ့ ဈေးတက် သွားတဲ့အတွက်ကြောင့် အကုန်လုံးကိုတော့ ထိနေ တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ Developer တွေက တော့ အစည်းအဝေးလုပ်နေတဲ့အတွက် ထိန်း ထားတယ်။ ကြိုပွိုင့်ကိုနည်းနည်းထိန်းရောင်းတယ်။ ဖြည်းဖြည်းချင်းလွှတ်နိုင်တဲ့အနေအထားနဲ့ ဖြည်း ဖြည်းချင်းတက်သွားတယ်။ ဘတ်ဂျက်ကိုချိန်ပြီးတော့ အဲဒီလိုလုပ်တဲ့အတွက် အထိအခိုက်တော့များတယ်။ ဒါပေမဲ့ နည်းနည်းတော့ထိန်းထားနိုင်သေးတယ်။ အစိုးရတင်ဒါလုပ်တဲ့သူတွေထိတယ်။ Quality ကိုလည်း အကောင်းလိုချင်တယ်။ ဈေးနှုန်းကျတော့ လည်း မပေါက်တဲ့ဈေးပေးတယ်။ ဈေးနည်းတယ်ဆိုလို့ ရှိရင် ပေါချောင်ကောင်းဆိုတာ ဘယ်မှာမှမရဘူး။ ပေါရင်၊ ချောင်ရင်၊ ကောင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ် နိုင်ဘူး။ အဲဒီတော့ အစိုးရအဆောက်အအုံတင်ဒါတွေ Quality မမီဘူးဆိုတဲ့အချက်က အဲဒါပဲ။
မေး။ ။ ဒီလိုမျိုးဈေးတွေမြင့်လာတဲ့အတွက်ကြောင့် လုံးဝရပ်နားသွားတဲ့လုပ်ငန်းရှင်ကတော့ မရှိဘူးလို့ သိရတယ်။ တစ်ဖက်မှာ အိမ်ခြံမြေကလည်း ဈေးက ကောင်းနေတဲ့အတွက်ကြောင့်။ ဒါပေမဲ့ ရာခိုင်နှုန်းနဲ့ ပြောရင်ကော လုပ်ငန်းရှင်တွေအနေနဲ့ ဘယ်လောက် လျော့သွားလဲ။
ဖြေ။ ။ ရာခိုင်နှုန်းကတော့ တော်တော်လေးလျော့ တယ်။ အသစ်ထပ်မဆောက်တဲ့လူတွေလည်းများတယ်။ ဥပမာ ရပ်ကွက်ထဲမှာ အရင်တုန်းကဆို မြင်လိမ့်မယ်။ (၅)ထပ်၊ (၆)ထပ်လေးတွေ စည်ပင်ခွင့်ပြုချက်နဲ့ ဆောက်တာလေးတွေများတယ်။ အခုအဲဒါ လေးတွေ တော်တော်နည်းလာတယ်။ ပစ္စည်းဈေးနှုန်း တက်တာတွေပါတယ်။ သူတို့ကျတော့ ရေရှည်ကို မထိန်းနိုင်ဘူး။ ရာခိုင်နှုန်းကတော့ တော်တော်ကျ သွားတယ်။ ဒါပေမဲ့ စောစောကပြောသလို တစ်ဖက် မှာကျပေမယ့် မြေဈေးကလည်းတက်လာတယ်။ မြေ ဈေးက ဘယ်လောက်တက်လာလဲဆိုတော့ ရန်ကုန် မြို့ရဲ့ ဆင်ခြေဖုံးလိုနေရာမျိုးကိုမှ 1sq.Ft ကို သုံး-လေးသိန်း ဖြစ်လာပြီ။ ဆောက်လုပ်စရိတ်ပေါင်းလိုက်ရင် အနည်းဆုံး လေး-ငါးသိန်းက ရောင်းလို့ရနေပြီ။ ထူးခြားတာတစ်ခုက တချို့တွေတိုက်ခန်းကိုဆောက် ပြီးတော့ 1sq.Ft ကိုတစ်သိန်းခွဲ၊ နှစ်သိန်းနဲ့ ရောင်းနေ တဲ့လူတွေလည်းရှိတယ်။ ကျွန်တော်တို့ ဆောက်လုပ်ရေး Sector ကနည်းနည်းတော့ ထူးခြားတယ်။ အဲဒါ က Customer Knowledge လိုသွားတာ။
မေး။ ။ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ဈေးတက်တဲ့ ကိစ္စမှာ သံပဲပြောကြတာများတယ်။ တခြား ဆောက် လုပ်ရေးပစ္စည်းတွေကကော ဘယ်လိုရှိလဲ။
ဖြေ။ ။ ဆောက်လုပ်ရေးပစ္စည်းမှန်သမျှသည် အကုန် လုံးက Import ။ အကုန်လုံးကိုဖွင့်ပေးရမှာ။ သံတစ် ခုတည်း မဟုတ်ဘူး။ ကျောက်ပြား ကိုယ့်နိုင်ငံမှာ မထွက်ဘူး။ နောက်ပြီးတော့ ယမ်း မရတာ။ ယမ်းကတခြားဘက်ကိုရောက်သွားမှာစိုးလို့ ယမ်းကိုသိပ်မ ထုတ်ဘူး။ ထိန်းချုပ်ထားတယ်။ အဲဒီအတွက်ကြောင့် မို့လို့ ကျောက်မီးသွေးတွေဘာတွေ နိုင်ငံခြားကနေ ဝယ်ရတယ်။ အဲဒါမျိုးတွေလည်းရှိတယ်။ ဘိလပ်မြေ ထုတ်ဖို့အတွက်ကို။ ကျန်တဲ့ဟာတွေလည်း အများကြီး ရှိတယ်။ ဥပမာ အလူမီနီယမ်၊ မှန်တို့၊ ဆေးတို့ အကုန် လုံးက နိုင်ငံခြားကဝယ်ရတာ။ ဓာတ်လှေကားတို့၊ လျှပ်စစ်ပစ္စည်းတွေ၊ မီးကြိုး၊ မီးလုံး အကုန်လုံးက နိုင်ငံခြားကသွင်းရတာ။ သွင်းရတာဖြစ်တဲ့အတွက် ဒီ Sector မှာ နိုင်ငံခြားငွေအများကြီးသုံးမယ်ဆိုရင် ဒီ sector နဲ့ နိုင်ငံခြား ငွေပြန်ရှာတဲ့ ကွန်ဒိုကို အားပေး ရမယ်။
မေး။ ။ ဆောက်လုပ်ရေးကဏ္ဍမှာသုံးတဲ့ပစ္စည်း အ ကုန်လုံးရဲ့ (၉၀)ရာခိုင်နှုန်းနဲ့အထက်ဟာ နိုင်ငံခြား ကနေတင်သွင်းရတာဖြစ်ပြီး (၁၀)ရာခိုင်နှုန်းလောက် ပဲ ကိုယ့်နိုင်ငံမှာထုတ်တာဖြစ်နေတဲ့ သဘောလား။
ဖြေ။ ။ မှန်ပါတယ်။ ဆီက ဒေါ်လာနဲ့လာတာလေ။ ကျောက်စရစ်တို့ သဲတို့ ထုတ်ဖို့အတွက် သင်္ဘောတို့၊ စက်လှေတို့ သုံးတာလည်း ဒီဇယ်သွင်းရတာပဲ။
မေး။ ။ အဲဒီအတွက် သွင်းကုန်ပါမစ်ကကော ကောင်း ကောင်းမွန်မွန် ခိုင်ခိုင်မာမာနဲ့ သေချာမြန်မြန်ဆန်ဆန် ရရဲ့လား။
ဖြေ။ ။ သွင်းကုန်ပါမစ်ကမရတာကြာလှနေပြီ။ ဆောက်လုပ်ရေးပစ္စည်းမှမဟုတ်ဘူး။ သူတို့ပထမပိုင်း ဦးစားပေးပါတယ်ဆိုတဲ့ ဆေးတောင်မှ အရှင်းဆုံး ပြောရရင် မြေဩဇာတောင်မှ အရစ်ကျနဲ့ပေးနေတာ။ ခုနကျွန်တော်ပြောတဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ အတွေးနဲ့ စီမံခန့်ခွဲတယ်ဆိုတာ အဲဒါကိုပြောတာ။ တစ်ကျပ်ပဲရှိရင် တစ်ကျပ်ပဲသုံးတယ်ဆိုတဲ့ အတွေး အခေါ်ပေါ့နော်။ အဲဒါက Develop မဖြစ်နိုင်ဘူး။ ဒါပေမဲ့ မှန်တယ်၊ အိမ်တော့ မပျက်သွားဘူးပေါ့ဗျာ။ တကယ်စီးပွားရေးလုပ်တဲ့သူတွေရဲ့ အတွေးအခေါ် ကျတော့ အဆောက်အအုံ ဆောက် တယ်။ ချေးပြီး ဆောက်တယ်။ ရှိလို့ဆောက်တာမှမဟုတ်တာ။ ဒါ Investment ပဲလေ။ ချေးရင်ချေးရမယ်။ ပိုသုံးရင် သုံးရမယ်။ ဒါပေမဲ့ ဒါက ကာလတစ်ခုရှိတယ်။ ရေတို၊ ရေရှည်နဲ့သွားသင့်တာ အကုန်လုံးက။ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုတာက မဆလခေတ်ကတည်းက ကြွေး ကြော်ခဲ့တဲ့ခေါင်းစဉ်၊ ဘယ်တုန်းကမှ မအောင်မြင် ခဲ့ဘူး။ ကိုယ့်ဆီမှာ အဲဒီလိုပညာရှင်တွေလည်းမရှိဘူး။ အဓိက က ကျွန်တော်ပြောချင်တာ အားလုံး Sector တိုင်းမှာ ဥပမာ ဆေးထုတ်တာကို ဒီမှာခွင့်ပြုမယ် ပြောတယ်။ အားပေးတယ်။ ဟုတ်ပြီ ဆေးထုတ်တဲ့ ဆေးဝါးကုန်ကြမ်းကို မြန်မာပြည်မှာထုတ်တာကို အရင်လုပ်ရမှာ မဟုတ်ဘူးလား။ ဆေးဝါးကုန်ကြမ်းကို ဘင်္ဂလားဒေ့ရှ်က သွင်းမယ်၊ အိန္ဒိယက သွင်းမယ် ဒီမှာ Tablets ရိုက်ထုတ်တာပဲရှိတယ်၊ ဘာလုပ်မှာတုံး မှားနေတယ်ဆိုတာ အဲဒါမျိုးတွေ မှားနေတာ။ ပြီး တော့ SME တွေကို အားပေးတယ်။ ချေးငွေထုတ်ပေး လိုက်တယ်။ သိန်း(၁၀ဝဝ)။ ပြီးရင် ဘယ်သူမှပြန်မဆပ် နိုင်ဘူး။ အဲဒီ သိန်း(၁၀ဝဝ)က တကယ့် SME တွေ ဆီလည်း မရောက်သလို SME မှာ တရုတ်တို့ဘာတို့ ကို မပြိုင်နိုင်ဘဲနဲ့ ဘယ်လိုလုပ်မှာတုံး။ SME ဆိုတာ အနိမ့်ဆုံးဗျာ စက်မှုလက်မှု မီးလိုတယ်လေ။ အမှန်က ကျွန်တော်ဆိုရင် အဲဒီပိုက်ဆံသိန်း (၁၀ဝဝ) နဲ့ ဆိုလာ တွေ ဝယ်တပ်ပေးလိုက်ပြီ။ ဆိုလာကိုလုပ်ပေးလိုက် တာ အစိုးရအနေနဲ့လည်း ဝန်ထုပ်ဝန်ပိုးအများကြီး ကျသွားမယ်။ ချေးတဲ့ သိန်း (၁၀ဝဝ) ကို ဆိုလာတပ် ပေးလိုက်ရင် တော်ရုံတန်ရုံ SME တွေအတွက်က လုံလောက်တယ်။
မေး။ ။ နောက်တစ်ခုက အခု (၃)နှစ်တာအခင်းအကျင်းမှာ ပြိုလဲသွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေ ပေါ်လာပြီလား။
ဖြေ။ ။ လုပ်ငန်းအသေးတွေတော့ တော်တော်ပြိုလဲ သွားပြီ။ ရပ်ကွက်ထဲမှာဆောက်နေတဲ့ ဆောက်လုပ် ရေးလုပ်ငန်းတွေတော့ ပြိုလဲသွားပြီ။ လုပ်ငန်းကြီးတွေ ကတော့ ကျန်သေးတယ်။ Logic အရ စဉ်းစားကြည့် လေ ဆောက်လို့မရတာကြီးကို ဘယ်သူကအရှုံးခံပြီး ရောင်းမှာလဲ။ အဲဒီတော့မရောင်းတာ။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ကျွန်တော်တို့ဆီမှာလူမညီဘူး။ တချို့က ဘဏ်ကိုဆပ်ရမယ့်အကြွေးရှိတဲ့ အခါ မြန်မြန်ဖြုတ်ချင်တယ်။ ဈေးတက်ရင်ရောင်းရမှာ မဟုတ်ဘူး လို့ထင်တယ်။ အမှန်ကမဟုတ်ဘူး။ အခုဈေးတက်တဲ့ အချိန်မှာ အရမ်းရောင်းနေရတာ။ ဒါပေမဲ့ ကျွန်တော်တို့က ပြန်ထိန်းနေရတယ်။ ဘာကြောင့် ထိန်းနေရလဲ ဆိုတော့ ပစ္စည်းဈေးတွေက လိုက်တက်နေလို့။ အခု အဝယ်အရမ်းများတယ်။ ဘာကြောင့်များလဲ၊ လားရှိုး တို့ဘာတို့ ရှမ်းဘက်ကဆင်းလာတဲ့တချို့က ရန်ကုန် မြို့မှာ အိမ်ခြံမြေအငှားပြန်လိုက်လာပြီ။ အဝယ်လည်း လိုက်လာတယ်။ ပိုက်ဆံရှိတဲ့စစ်ဘေးရှောင်တွေ အများကြီးဆင်းလာတယ်။ I-Green ဆို အခန်း ရောင်းဖို့မရှိ တော့ဘူး။ အရမ်းရောင်းရတာ။ အဲဒီလို ဟာမျိုးတွေရှိတဲ့အတွက် အဝယ်ရှိနေတော့ ဆောက်တဲ့လူအတွက်က အကြီးကြီးတွေကတော့ မပြုတ်ဘူး။ အကြီးတွေကမြတ်မယ်ဆိုတာ ကျိန်းသေတယ်။ ထိန်းရောင်းဖို့ပဲလိုတာ။ နောက်တစ်ခုက ဆောက်လုပ်ရေး Sector ကောင်းဖို့ ဆိုတာ ဘာဆက်လုပ်ပေးရမလဲဆို တော့ Customer Knowledge ကို ထပ်ပြီး မီဒီယာက ပေးမှရမယ်။ Customer တွေမှာ Knowledge မရှိဘူး။ မရှိတဲ့အခါကျတော့ ရောင်းမှားဝယ်မှားဆိုတဲ့ တချို့ဟာတွေရှိတယ်။ ပင်လယ်ကမ်းခြေမှာသွားပြီး အိမ်ဆောက်တဲ့ဟာတွေ။ နောက်တစ်ခါ ကလောတို့၊ မေမြို့တို့၊ ရှမ်းပြည်ဘက်မှာ အိမ်တွေဆောက်တဲ့ဟာ တွေ၊ ရောင်းတဲ့ဟာတွေ။ အမှန်က အဲဒါတွေက လိုအပ်လားဆို မလိုအပ်ဘူး။ မလိုအပ်ဘဲနဲ့သွားဆောက်တာ။ အဲဒီဟာတွေကို တစ်လမှာ ဘယ်နှခေါက်များ သွားလည်မလဲ။ ဟိုတယ်ကောင်းကောင်းရှိရင် ဟိုတယ်တွေလည်း Develop ဖြစ်တယ်။ အစိုးရက မစဉ်းစားတာ။ အဲဒါတွေရှိလိုက်တဲ့အတွက်ကြောင့် ဘာဖြစ်သွားလဲဆိုတော့ ကျန်တဲ့ဟိုတယ်လုပ်ငန်းတွေပါ အသွားတယ်။ အမှန်ဆိုရင် အစိုးရက အဲဒါမျိုးတွေကို ထိန်းပေးရမှာ။ Market Economy မှန်ပေမယ့် အစိုးရက ထိန်းရမယ့်ဟာကိုထိန်းပေးရမယ်။ နယူးယော့ခ်မှာဆို ဟိုတယ်တစ်လုံးကို လွယ်လွယ်နဲ့ ဆောက်လို့မရဘူး။ သုံးနှစ် Report ရှိတယ်။ နယူးယော့ခ်မြို့ကတော့ ဟိုတယ်အသင်းကရော သုတေသန လုပ်ထားတာရှိတယ်။ ဟိုတယ်တစ်လုံးဆောက် ပေးလိုက်လို့ သူတို့ရဲ့ရှယ်ယာကို ခွဲပေးရမယ်ဆို ပေး မဆောက်ဘူး။ Market Economy ဆိုပေမယ့် ပြတ်မသွားအောင် တချို့ဟာတွေက အစိုးရက ထိန်းချုပ်ပေးတယ်။ ဈေးကွက်ပြတ်သွားရင် အကုန်ကျသွားမှာ။ အဲဒီအချိန်မှာ အစိုးရကလည်း အခွန်အကောက် မရဘူး။ အကုန်ရှုပ်ကုန်တာ။ ဒီမှာကအစိုးရက အဲဒီလို ဟာမျိုးတွေ မစဉ်းစားဘူး။ ဥပမာ ရှမ်းပြည်နယ်အစိုးရဆို သူဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှာ လာဆောက်ဆိုပြီး သူ့ဒေသဖွံ့ဖြိုးအောင်လုပ်မယ်၊ အဲဒီလိုမရဘူး။ အဲဒီဒေသက နေမယ့်သူအတွက် ဖြစ်တဲ့အိမ်ရာမဟုတ်ဘူး။ တကယ့် Real Demand မဟုတ်ဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့အကျင့်က ဟိုပြည်နယ်မှာလည်း အိမ် ရှိတယ်။ ကမ်းခြေမှာလည်း အိမ်ရှိတယ်ဆိုတာကို ဂုဏ်ယူချင်တာ။ ဂုဏ်ယူချင်တော့ဘာဖြစ်လဲဆိုတော့ ပိုက်ဆံရှိတာတော့မှန်တယ် ဒါပေမဲ့ အဲဒီလူကလည်း ဘဏ်ကြွေးတွေများနေတဲ့ကြားကနေ ဂုဏ်ယူချင်တဲ့ အတွက် သွားလုပ်တာ။ ဥပမာ ကမ်းခြေမှာ သူဌေးတွေ အများကြီးပဲ ဟိုတယ်တွေဆောက်ကြတာ။ ဂုဏ်တစ် ခုအနေနဲ့သွားဆောက်တာ။ တကယ့် Real Investment မဟုတ်ဘူး။ နောက်ဆုံးမှာ ဘာဖြစ်လဲ ဆိုတော့ အဲဒီဟိုတယ်တွေကို ဘဏ်တွေက အပေါင်ခံကြ တယ်။ အခုဆို ဘဏ်တွေကသိမ်းလည်း ဟိုတယ် တန်ဖိုးမရတာတို့ ဖြစ်နေပြီ ဘယ်သူမှမဝယ်နိုင်ဘူး။ ဟိုတယ်က ဘယ်လိုသိမ်းမလဲ အဲဒါဆို။ ကျွန်တော် တို့ဆီမှာက Investment ပုံစံတွေက မှားနေတယ်။
တကယ်က ကလောမှာ အိမ်တစ်အိမ်ဝယ်တယ်။ သိန်း(၄၅၀)ထား။ မြတ်ချင်လို့ဝယ်တယ် Invest အနေနဲ့ဝယ်တယ်ပဲထားတော့။ တစ်ချိန်မှာ ရာသီဥတု ဖောက်ပြန်မယ်။ ရေမလုံလောက်တဲ့ပြဿနာတွေ ဖြစ်လာမယ်။ ဒါပေမဲ့ ရှမ်းပြည်နယ်အစိုးရက မစဉ်းစားဘူး။ လတ်တလောအိမ်ရာဖွံ့ဖြိုးသွားတယ် ဆိုတာကိုပဲ ပြချင်တာ။ နောက်ဖြစ်လာမယ့် ဂယက်ကို မစဉ်းစားဘူး။ မစဉ်းစားတဲ့အခါကျတော့ Invest လုပ် လိုက်တယ် လုပ်ပြီးရင်ရှုံးပြီပဲ။ Developer ဆိုတာ Step by Step ဧကရာချီဝယ်ပြီးတော့ သွားတာ။ နောက်တစ်ခါ ဟိုတယ်မှာတည်းတယ်၊ တစ်နှစ်ကို ဘယ်နှခါ အဲဒီအိမ်မှာတည်းနိုင်မှာလဲ။ အဲဒီအိမ်ကို သန့်ရှင်းရေးလုပ် ရမှာရှိတယ်။ လစဉ်ကြေးတွေပေးရတယ်။ ဟိုတယ်ဆိုရင်တောင် ဟိုတယ်အလုံးရေဘယ် လောက်ဆိုတာမျိုးကို သုတေသနလုပ်ပြီးမှ ပေးဆောက်ရမှာ။ ဆောက်လုပ်ရေး Sector မှာလည်း အဲဒီအတိုင်းပဲ Customer Knowledge က မီဒီယာ က လုပ်မှရမှာ။ တညင်ဘက်မှာဆောက်နေတာ တစ်ခုရှိတယ်။ အဲဒီမှာဝယ်လိုက်တယ်။ 1sq.ft ကို (၄)သိန်းနဲ့။ မြို့ထဲမှာတောင်မှ (၄)သိန်းဆိုတာ တချို့ လူတွေတော်တော်ရောင်းနေရသေးတာ။ ဝယ်ပြီး ဘာ ပြဿနာတက်လဲဆိုတော့ လစဉ်ကြေးက အိမ်ငှားနေ ရသလိုပဲ။ တစ်လကို (၇)သိန်းနဲ့ (၈)သိန်းကြားမှာရှိ တယ်။ ခုဝယ်ပြီးမှ တချို့တွေ ဒုက္ခရောက်နေကြတာ။ ပြန်ငှားစားဖို့ကျတော့လည်း နိုင်ငံခြားသားလည်း ရေရှည်မခံနိုင်ဘူး။ မငှားတော့ဘူးပေါ့ဗျာ။ အဲဒီမှာ (၇)သိန်း(၈)သိန်း တစ်လပေးရရင် ဒီဘက်မှာ အေး ဆေးရနေပြီကို။ အဲဒီ Customer Knowledge တွေကို မီဒီယာကမလုပ်ပေးရင် ဆောက်လုပ်ရေး Sector တွေက မတက်ဘူး။ အစိုးရလည်းအားပေး ရမှာ။ ကွန်ဒိုမီနီယမ်တွေကို အားပေးရမယ်။ BOT တွေကိုလည်း ထိထိရောက်ရောက် အရေးယူရမယ်။ အရေးယူတယ်ဆိုတာ မင်းတို့စချုပ်တုန်းက ဒီလုပ်ငန်းတွေလုပ်ဖို့ချုပ်တာ ဒါပဲလုပ်ဆိုတာမျိုး။ ဘာလုပ်ငန်းတွေပဲလုပ်ဆိုတာ BOT အောက်မှာရှိပြီးသား။ ဟိုတယ်တွေလုပ်လို့ရတယ်။ Service လုပ်ငန်းတွေ လုပ်လို့ရတယ်။
မေး။ ။ ဆောက်လုပ်ရေးမှာဆိုရင်(၉၀)ရာခိုင်နှုန်း လောက်က ပြည်ပကနေတင်သွင်းနေရတယ်လို့ ခုန တုန်းကပြောသွားတယ်။ ငွေကြေးအရဆိုရင်ကော နှစ်စဉ်ဘယ်လောက်သုံးစွဲနေရလဲ။
ဖြေ။ ။ ကျွန်တော်သိသလောက်ကတော့ နှစ်စဉ် နိုင်ငံခြားကနေ သံက တန်(၃)သန်းကျော်လောက် သွင်းတယ်လို့ပြောတယ်။ ဒီနှစ်တွေတော့ လျော့တယ် လို့ကြားတယ်။ ဒီနှစ်တွေမှာ လျော့တာကတော့ ပါမစ် ကြောင့်ပေါ့နော်။ ပုံမှန်ကတော့ တန်(၃)သန်းကျော် လောက်သွင်းတာပေါ့။ အစိုးရက ဒီမှာပဲထုတ်တာကို လိုချင်တာ။ တရုတ်နဲ့ဈေးပြိုင်မရောင်းရတော့ ဘယ်လိုလုပ်ရင်းနှီးမြှုပ်နှံမှာလဲ။ အဲဒီအတွက် သုံးရမယ် Infrastructure ဆိုတာရှိတယ်။ Infrastructure က အကုန်နိုင်ငံခြားကနေ ဝယ်နေရတယ်။ သံဆိုလည်း သံကုန်ကြမ်းက ဘယ်ကထုတ်မှာလဲ။ နိုင်ငံ ခြားကပဲဝယ်ရမယ်ဆို ဘာထူးမှာလဲ။ နည်းနည်းသက်သာမယ်ဆိုရင်တောင် လက်ခစားလေးလောက်ပဲ သက်သာသွားမှာ။ Transporation Charge ကတော့အတူတူပဲ။ ကုန်ကြမ်းကို အရင်စထုတ်တာကို အစိုးရက ဦးစားပေး ရမှာ။ Step တွေ ကျော်နေသလို ဖြစ်နေတာပေါ့။
မေး။ ။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေက ၂၀၂၁ နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ခုလက်ရှိမှာ ဘယ်လောက် ရာခိုင်နှုန်းလောက်တက်သွားတာလဲ။
ဖြေ။ ။ (၁၀ဝ)ရာခိုင်နှုန်းလောက်တက်သွားတာပေါ့။ (၃)နှစ်ထဲမှာကို (၁၀ဝ)ရာခိုင်နှုန်းဖြစ်သွားတာ။ သံ ဆိုရင် အရင်က (၁၅)သိန်း၊ (၁၆)သိန်းက အခုဆို သိန်း(၃၀)ဖြစ်သွားပြီလေ။ ကွန်ကရစ်လည်း ဒီတိုင်းပဲ။
မေး။ ။ ဆောက်လုပ်ရေးလုပ်ငန်းတွေ အရင်လို ပြန် လည်ပတ်ဖို့ကို နိုင်ငံတော်က အရေးကြီးဆုံးမဖြစ်မနေ တစ်ခုကိုခွင့်ပြုပေးရမယ်ဆိုရင် ဘာကိုခွင့်ပြုပေးစေ ချင်လဲ။
ဖြေ။ ။ သံပေါ့။ သံကိုတကယ်ဆောက်နေတဲ့ဟာတွေနဲ့ ပါမစ်သာပေးလိုက်။ အသင်းတွေကနေဆောက်ရင် အသင်းတွေကို ပါမစ်ပေးလိုက်။ အဲဒါသည် အလွယ် ဆုံးနည်းပဲ။ အဲဒီလိုမှမပေးချင်ရင်လည်း သံ ရောင်းတဲ့ သူတွေကို ပါမစ်ပေးလိုက်။ ဘယ်သူမှတော့ ပုံပြီးတော့ မသွင်းဘူး။ သူ့ဟာနဲ့သူ လည်ပတ်အောင်တော့ သုံး မှာပဲ။ မဖြစ်မနေသံကတော့ လိုအပ်ချက်ရှိနေတယ်။ လိုအပ်ချက်ရှိနေတဲ့အတွက် ဖွင့်ပေးရမယ်။ ဆောက် လုပ်ရေးပစ္စည်းတွေဖွင့်ပေးရမယ်။ ဖွင့်ရမှာတော့ အကုန်ဖွင့်ပေးရမှာ။ နောက်တစ်ခုက ဆောက်လုပ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ဆိုတာ လျှပ်စစ်မူဝါဒတွေလည်း ပြင်မှရမယ်။ ကျွန်တော်တို့နိုင်ငံမှာက ဘာတွေရှိလဲ ဆိုတော့ နောက်ပိုင်းကွန်ဒိုတွေမှာတက်နေလို့ရှိရင် မီတာခကို အိမ်သုံးယူနစ်နဲ့ရတဲ့သူတွေရှားတယ်။ တစ်ယူနစ်ကို (၃၀ဝ)(၄၀ဝ)ယူနေတာ။ ယူနစ်(၃၀ဝ)(၄၀ဝ) နဲ့ဆိုရင် ဘယ်သူက တိုက်ခန်းဝယ်ပြီး နေချင် မှာလဲ။ ဒီမှာဖြစ်နေတာဘာလဲဆိုတော့ မီတာကိစ္စပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ပစ္စည်းတစ်ခုကို ကုန်သည် ကနေပြီးတော့ လူကြီးတွေကိုတင်ပြမယ်၊ လူကြီးတွေ ကကြိုက်တယ်ဆိုရင် အဲဒီပစ္စည်းသုံးလို့ ပြောလိုက် မယ်။ တကယ့်တကယ်လုပ်ရမှာက အောက်ခြေဝန် ထမ်းတွေရှိတယ်။ အဲဒီတော့ အခုမီတာက ပေါ်လစီက လွန်ခဲ့တဲ့ (၄)(၅)နှစ်က ပေါ်လစီတွေ။ နိုင်ငံတကာမှာ နည်းပညာဆိုတာ အမြဲမြင့်နေတာ။ နောက်တစ်ခုက မီးပျက်များတဲ့ နိုင်ငံတွေမှာ လျှပ်စစ်မီးရော မီးစက်မီးရော ဘယ်လိုစနစ်နဲ့သုံးလဲဆိုတာ အောက်ခြေအင်ဂျင်နီယာတွေက လေ့လာရမှာ။ လေ့လာပြီးတော့ သူတို့ရဲ့ EPC ဘုတ်အဖွဲ့ဥက္ကဋ္ဌတွေ ဝန်ကြီးဌာနတွေ ကို တင်ပြရမှာ။ ဥပမာတစ်ခုပြောမယ် အထပ်မြင့် ဆောက်မယ်၊ မီတာကို အစိုးရမီးနဲ့ မီးစက်မီးကို ကျွန်တော်တို့ ကြိုးနှစ်ကြိုးဆွဲရမယ်။ ကြိုးနှစ်ကြိုးဆွဲရင် အဲဒီ Cost တွေ နိုင်ငံခြားဒေါ်လာ အများကြီးကုန်ဆုံး သွား တာမဟုတ်ဘူးလား။ နည်းပညာမှာ ကြိုးတစ်ကြိုးတည်းတပ်ပြီးတော့ Switching လုပ်တဲ့ နည်းပညာရှိတယ်။ ဟိုတုန်းကဒီနည်းကို မသုံးဘူး မှန်တယ်။ အထပ်မြင့်လည်း အဲဒီလောက်မရှိခဲ့ဘူး။ နည်းပညာလည်း အဲဒီလောက်မလုပ်ခဲ့ဘူး။ တရုတ် မှာလည်း အဲဒီလိုသုံးတယ်။ အိန္ဒိယမှာလည်း အဲဒီလို နည်းပညာသုံးတယ်။ ဘင်္ဂလားဒေ့ရှ်တို့ ပါကစ္စတန် တို့လို့ မီးမမှန်တဲ့နေရာတွေမှာလည်း သုံးတယ်။ တစ်ချောင်းတည်းတပ်ရတာ Switching နဲ့သွားတာ။ အဲဒီလိုမျိုးဆို Sub-Meter နဲ့သုံးလိုက်လေ။ အဲဒီတော့ ဆောက်လုပ်ရေး Sector က ကွန်ဒိုဝယ်တဲ့သူ အများစုက ဝယ်နေပြီးမှသိတာလေ။
မေး။ ။ နောက်တစ်ခုက ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်ဖို့အတွက် နိုင်ငံတော်ကို ဘာပြောချင်လဲ။
ဖြေ။ ။ ဘာပြောချင်လဲဆိုတော့ ဆောက်လုပ်ရေး လုပ်ငန်းက အရေးကြီးတယ်။ အဲဒီတော့ ဆောက်လုပ် ရေး Sector မှာ တကယ်ရင်းနှီးမြှုပ်နှံနေတဲ့ သူတွေနဲ့ နိုင်ငံတော်နဲ့တွေ့ပြီးတော့ မူဝါဒတွေကို ပြုပြင်သင့် တာတွေပြုပြင်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ် ခုတည်းမဟုတ်တဲ့အတွက်ကြောင့်မို့လို့ အများကြီး ပြင်ရမှာဖြစ်နေတယ်။ တကယ်လုပ်နေတဲ့ လုပ်ငန်းရှင် တွေနဲ့ နိုင်ငံတော်နဲ့တွေ့ပြီးတော့ မူဝါဒတွေကို ပြင်ဖို့ လိုတယ်။ အဲဒါပြင်လိုက်ရင် ဆောက်လုပ်ရေး Sector တက်လာမယ်။ Other Business တွေလည်း တက် လာမယ်။ အလုပ်အကိုင်လည်း အများကြီး ပြန်ဖွံ့ဖြိုး လာမယ်။ အထည်ချုပ်တစ်ရက်(၈၀ဝဝ) ရဖို့ဆိုတာ မနည်းညှိနေရတာ။ ခုထိလည်းမသေချာဘူး။ ဒါတောင် ကျွမ်းကျင်မှ။ ကျွန်တော်တို့ဆီမှာ အလုပ်ကြမ်းသမား (၁၀ဝဝဝ)ကျော်သွားပြီ။ အဲဒီလို အလုပ်များများ ပေးနိုင်တဲ့ လစာများများပေးနိုင်တဲ့ Sector ဆိုတာ အားကိုပေးရမှာ နိုင်ငံတော်က။ တကယ်တော့ ကျွန်တော်တို့ကတောင်းဆိုနေရမှာ မဟုတ်ဘူး။ အစိုးရက လိုက်လုပ်ပေးရမှာ။ အစိုးရကခေါ်ပြီးတော့ မေးနေ ရမှာ။ အလုပ်လုပ်လို့ လွယ်အောင်လို့။ ပြီးရင် ပြင်သင့်တာတွေပြင်နေရမှာ။ အဓိကက မူဝါဒတွေ ပြင်ဖို့လို နေပြီ။ အများကြီး ပြင်ရမယ်။
ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေတိုးအဖွဲ့ဝင်ဖြစ်လာသည့် ဆွီဒင်ကို လက်တုံ့ပြန်သည့်အနေဖြင့် စစ်ရေးနည်းဗျူဟာခြေလှမ်းများ လုပ်ဆောင်သွားမည်ဟု ရုရှားအစိုးရပြော
RELATED POSTS
03 Oct 2024 | အင်တာဗျူး,ပြည်တွင်း