နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကို တက်ရောက်ခွင့်ပေး
Pearl (NSS) - ဖေဖော်ဝါရီ ၂၈
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၌ အရပ်ဘက်နိုင်ငံ့ဝန်ထမ်းအရာရှိကြီးများကို တက်ရောက်ခွင့်ပေးထားကြောင်း သိရသည်။
အဆိုပါနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သည် ၁၉၅၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော တက္ကသိုလ်တစ်ခုဖြစ်ပြီး တပ်မတော်မှ အရာရှိကြီးများက တက်ရောက်ခွင့်ရှိသော တက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။
"ကလောမှာ စစ်ဦးစီးတက္ကသိုလ်ရှိတယ်။ နေပြည်တော်မှာက နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC)။ တပ်ရင်းမှူးအဆင့်နဲ့ ကလောမှာတတ်။ သွားတတ်ပြီးတော့ တချို့ Position ကောင်းတဲ့လူတွေ G1 ထွက်တာ ရှိတယ်။ G1 ဆိုတာ စစ်ဦးစီး ပထမတန်း။ ဦးစီးအရာရှိ ပထမတန်း။ တိုင်းတို့၊ တပ်မတို့မှာ ထိုင်တာရှိတယ်။ G1 ကနေကြာသွားလို့ အဲဒီမှာ ယာယီဗျူဟာမှူးဆိုပြီးတော့ ထွက်တယ်ဆိုရင် ဗျူဟာတွေ ကိုင်ရတော့တာ၊ ရှေ့တန်း ဗျူဟာတွေ။ ရှေ့တန်းဗျူဟာ တွေကိုင်ပြီးပြီဆိုမှ ဗိုလ်မှူးကြီးဖြစ်။ ဗိုလ်မှူးကြီးဖြစ်တော့မှ NDC တတ်။ အချို့ မတတ်ခိုင်းတာလည်းရှိတယ်။ NDC တတ်ရတဲ့အထဲ ရဲပါတယ်။ မီးသတ်ပါတယ်။ အခုက ထပ်ပါမှာက ထွေအုပ်တို့ ဘာတို့ပါမယ်နဲ့ တူတယ်" ဟု တပ်မတော်အရာရှိတစ်ဦးက NP News ကို ပြောသည်။
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တက်ရောက်ရန် သင်တန်းသားရွေးချယ်ရာ၌ ယခင်က တပ်မတော် အရာရှိကြီး များကိုသာ ရွေးချယ်ခဲ့သော်လည်းလက်ရှိတွင် အရပ်ဘက်နိုင်ငံ့ဝန်ထမ်း အရာရှိကြီးများကိုလည်း တက်ရောက်ခွင့် ပေးထားကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုထားခြင်းလည်းဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းအကြီးအကဲများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် ကာကွယ်ရေး စသည့် အမြင် ၄ မြင်ဖြင့် စဉ်းစားဆောင်ရွက်တတ်ရန်လိုအပ်ကြောင်းလည်း နစကဥက္ကဋ္ဌက ဆိုသည်။
လက်ရှိ နစကအစိုးရသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်မှစ၍ ပြည်သူ့စစ်မှုထမ်းဥပဒေသည် အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ထားပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အပါအဝင် တခြားသောအဖွဲ့များ ဖွဲ့စည်းကာ ပြည်သူများ စစ်မှုထမ်းရန် ဆောင်ရွက်နေလျက်ရှိသည်။
အလားတူ ဖေဖော်ဝါရီလ ၁၃ ရက်တွင်လည်း အရန်တပ်ဖွဲ့ဥပဒေကို အာဏာတည်ကြောင်း ထုတ်ပြန်ထားပြီး အငြိမ်းစားတပ်မတော်သားများ တာဝန်ပြန်လည်ထမ်းဆောင်ရန်အတွက် လိုအပ်သောလုပ်ငန်းများကို နစကအစိုးရက စီစဉ်ဆောင်ရွက်နေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကင်ဆာဓာတ်ရောင်ခြည်ကုသစက်(၄)လုံးဖြင့် ကုသမှုပေးနိုင်မည့် အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို ယခုနှစ်အတွင်း ဖွင့်လှစ်ရန်စီစဉ်နေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း