ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဖြစ်ပွားနေလျက်ရှိပြီး လူထု၏ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများဖြစ်ပေါ်နေ
ယွန်း(NSS) - ဖေဖော်ဝါရီ ၂၈
ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဖြစ်ပွားနေလျက်ရှိပြီး လူထု၏ လုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နှစ်စပိုင်းမှစတင်ကာ ပြည်သူလူထုအနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုကို ဆိုးရွားစွာကြုံတွေ့ခဲ့ရပြီး မတ်လမှစတင်ကာ လျှပ်စစ်မီးကို အုပ်စု(အေ)နှင့် အုပ်စု(ဘီ)ခွဲ၍ အချိန်ဇယားဖြင့်သာ ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ အချိန်ဇယားအရ နေ့စဥ်လျှပ်စစ်မီးကို အလှည့်ကျပေးခဲ့သော်လည်း ယခုရက်ပိုင်းတွင် ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တောက်မှုသည် ပိုမိုဆိုးရွား လာခဲ့ပြီး မီးပျက်သည့် အချိန်မှာလည်း ကြာမြင့်လျက်ရှိကြောင်း သိရသည်။
“နှစ်ရက်လောက်ရှိပြီ။ အရင်တုန်းကဆိုလို့ရှိရင် နေ့လည်(၁)နာရီလောက်ကနေ ညနေ(၅)နာရီလောက်ထိ မီးပျက်ရင် (၅)နာရီလောက်ကနေ မီးပြန်လာတယ်။ အခုကျတော့ မနက်ပိုင်းမီးလာပြီးသွားရင် နေ့လည်(၁)နာရီသာသာလောက်မီးပျက်တယ်။ ပြီးတော့ နေ့ခင်းဘက်မီးလာတယ်။ အပြည့်တော့မလာဘူး။ တစ်နာရီလောက်ပျက်သေးတယ်။ ပြီးရင်တော့ ညနေပိုင်း(၅)နာရီလောက်ကနေ (၉)နာရီကျော် (၁၀)နာရီနီးပါးလောက်ထိ မီးပျက်တယ်။ တနေ့ကဆို သန်းခေါင်အချိန်လောက်မှာ မီးပြန်ပျက်တယ်”ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ ကိုထက်အောင်က ပြောသည်။
ထိုသို့ မီးပျက်သည့်အတွက် ညပိုင်းလုပ်ငန်းဆောင်တာများ ပျက်ယွင်းရသည့်အပြင် အခြားလူမှုရေးအခက်အခဲများကိုလည်း ကြုံတွေ့ရကြောင်း ၎င်းက ကိုယ်တိုင်ကြုံတွေ့ရသည့် အခက်အခဲများကို ရှင်းပြသည်။
“မီးပျက်တာက အခုရက်ပိုင်းမှာ တော်တော်လေးဆိုးနေတယ်။ အရင်က မီးကမနက်(၉)နာရီကနေ တစ်နာရီအထိပျက်တယ်။ ပြီးရင် ကျန်တဲ့အချိန်တွေ အကုန်လာတယ်။ နောက်ရက်ဆိုရင် တစ်နာရီကနေ (၅)နာရီအထိပျက်ရင် ကျန်တဲ့အချိန်တွေ အကုန်လာတယ်။ အခုရက်ပိုင်းမှာ အဲဒီလိုမဟုတ်တော့ဘူး။ လာချင်တဲ့အချိန်လာပြီးတော့ ပျက်ချင်သလိုပျက်နေတယ်။ ကျွန်တော်တို့က ရုံးလုပ်ငန်းဆိုတော့ မီးလာတဲ့အခြေအနေကို ကြည့်ပြီးတော့ လုပ်ရတာ။ အခုလိုအချိန်မမှန်တာတွေဖြစ်နေတော့ ကျွန်တော်တို့ရုံးအလုပ်အတွက် ထိခိုက်တာပေါ့”ဟု မရမ်းကုန်းမြို့နယ်ရှိ ရုံးလုပ်ငန်းလုပ်ကိုင်သူတစ် ဦးက ပြောသည်။
ပြည်တွင်းရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်ကို အများဆုံးအသုံးပြုလျက်ရှိပြီး နိုင်ငံတွင်းလျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ နှစ်စဥ် (၁၅) ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် လျှပ်စစ် ဓာတ်အားစက်ရုံပေါင်း(၆၄)ရုံရှိပြီး လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ်(၇၀၀၀)ကျော် ထွက်ရှိနိုင်သော်လည်း နေ့စဥ် မဂ္ဂါဝပ်(၃၀၀၀)ခန့်သာ ဖြန့်ဖြူးပေးနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်ဝန်ကြီးချုပ်နှင့် ဇူကာဘတ်တို့က AI နည်းပညာ၏အန္တရာယ်များကို ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ဟုဆို
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ