မြန်မာနိုင်ငံသည် ခေတ်ပြိုင်အိမ်နီးချင်းနိုင်ငံအချို့၏နောက်တွင် တဖြည်းဖြည်းကျန်ခဲ့ကြောင်း တပ်ချုပ်ဖွင့်ဟပြောဆို
Pearl (NSS) - ဖေဖော်ဝါရီ ၂၈
မြန်မာနိုင်ငံသည် ခေတ်ပြိုင်အိမ်နီးချင်းနိုင်ငံအချို့၏နောက်တွင် တဖြည်း ဖြည်းကျန်ခဲ့သည်ကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယမန်နေ့ (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား Video Conferencing ဖြင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးအပိုင်းနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင် တည်တံ့ခိုင်မြဲသည့် ရေမြေပိုင်နက် နယ်နိမိတ်နှင့် ခိုင်မာသည့်သမိုင်းကြောင်းရှိသည့် နိုင်ငံဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် ခေတ်အလိုက်တိုးတက်မှုများရှိခဲ့သော်လည်း ခေတ်ပြိုင်နိုင်ငံများဖြစ်သည့် အခြားနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံအချို့၏ နောက်တွင် တဖြည်းဖြည်းကျန်ခဲ့သည်ကို တွေ့ရကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
အလားတူ ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အတွက်အ ချက်ပညာရပ်နှင့် စက်မှုပညာရပ်တို့တွင် အခြားနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်မှုမရှိခဲ့ဘဲနောက်တွင် ကျန်နေခဲ့ကြောင်း နှင့် ယင်းအချက်အလက်များကို အခြေခံ၍ သင်ခန်းစာဖော်ထုတ်ကာ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်ကြရန်လိုအပ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များကြားတွင် တိုက်ပွဲများဖြစ်ပွားနေလျက်ရှိပြီး မြို့ရွာ အများအပြားတွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေလျက် ရှိသည်။ထို့ပြင် လမ်းတံတားများအပါအဝင် အခြေခံအဆောက်အဦးအများအပြားသည်လည်း ဖြစ်ပွားနေဆဲပြည်တွင်းစစ်ကြောင့်ပျက်စီးမှုများ ရှိနေသည်။
အလားတူနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသော လူဦးရေသည်လည်း ၎င်းတို့၏ မြို့ရွာအိုးအိမ်များကို စွန့်ခွာကာ စစ်ဘေးရှောင်နေရလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆွီဒင်၏ နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ကို ဟန်ဂေရီအစိုးရ အတည်ပြု
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ