မိတ္ထီလာမြို့၌ သံဃာမောင်းနှင်လာသည့် ကားက ဆိုင်ကယ်ကို တိုက်မိရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ
စော (NSS) - ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ သံဃာမောင်းနှင်လာသည့် ကားက ဆိုင်ကယ်ကို တိုက်မိရာ ဆိုင်ကယ်ပေါ်ပါ အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်)၊ မွန်းလွဲ (၁၁)နာရီဝန်းကျင်အချိန်က မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-မလှိုင်ကားလမ်း၊ တိုးဂိတ်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်တွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ဝန်ဇင်းလူငယ်များ လူမှုကူညီရေးအသင်းထံမှ သည်။
“ဘုန်းကြီးကားက မလှိုင်ဘက်သွားတာ။ အတိုက်ခံရတဲ့ကလေး နှစ်ယောက်က မလှိုင်ဘက်ကနေ မိတ္ထီလာဘက်ကိုလာတာ။ ဘုန်းကြီးကားက တစ်ခုခုကို ကျော်လိမ့်မယ်ထင်တယ်။ ကျော်လိုက်လို့ တစ်ဖက်ယာဉ်ကြောဖက်ကို လုံးလုံးရောက်နေတာ။ မျက်နှာချင်းဆိုင်တိုက်တဲ့သဘောမျိုးပေါ့။ တစ်ဦး သေဆုံးသွားတယ်။ အမျိုးသမီးတော့ လောလောဆယ် ပြည်သူ့ဆေးရုံကြီးကို ပို့ထားတယ်”ဟု ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ယာဉ်တိုက်မှုကြောင့် အသက် (၂၅)နှစ်ဝန်းကျင်ရှိသူ မိတ္ထီလာတက္ကသိုလ်မှ ဒုတိယနှစ် အဝေးသင်ကျောင်းသား မောင်ဟိန်းမင်းဖြိုးမှာ ဦးခေါင်းဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသူ အသက် (၂၅)နှစ်ဝန်းကျင်အရွယ်ရှိသူ မတင်နေခြည်ကျော်မှာ ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူတို့ကို မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ ဒဏ်ရာရရှိသူအမျိုးသမီး၏ အခြေအနေကို မသိရသေးကြောင်း ဝန်ဇင်းလူငယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယင်းမတော်တဆဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ၈ နှစ်ဆက်တိုက်ကျဆင်းနေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း