KNU၊ PDF မိုင်းခွဲဖျက်ဆီးခဲ့သော ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ တံတားကို ပြည်သူများ ပြန်လည်အသုံးနိုင်ရေး (၂)ရက်အတွင်း အပြီးပြင်ရန် နစက စီစဉ်နေ
မြူနစ် (NSS) - ဖေဖော်ဝါရီ ၂၈
KNU၊ PDF ပူးပေါင်းအဖွဲ့ မိုင်းခွဲဖျက်ဆီးခဲ့သော ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိတံတားကို ပြည်သူများ ပြန်လည်အသုံးနိုင်ရေး (၂)ရက်အတွင်း အပြီးပြင်ရန် နစက၏ မွန်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေလျက်ရှိကြောင်း သိရသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမ မိုင်အမှတ် ၁၃၅/၇ နှင့် ၁၃၆/၀ ကြားရှိ တံတားအမှတ် ၄/၁၃၆ ကို KNU၊ PDF ပူးပေါင်းအဖွဲ့သည် ယနေ့(ဖေဖော်ဝါရီလ ၂၈ ရက်) ၊ နံနက် ၃ နာရီခွဲအချိန်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းခွဲဖျက်ဆီးမှုကြောင့် တံတားသည် ပျက်စီးသွားခဲ့သည့်အပြင် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်တစ်ချို့သည်လည်း မိုင်းစထိမှန်ကာ ပျက်စီးခဲ့မှုနှင့်အတူ အရပ်သားတစ်ဦးသည်လည်း ထိခိုက်ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း သိရသည်။
“အခုမိုင်းခွဲခံရတဲ့ တံတားက အဓိကလမ်းမကြီးပေါ်မှာ ရှိတာလေ။ အရေးပါတာပေါ့။ ရန်ကုန်-ပဲခူး- မော်လမြိုင်၊ နောက်ပြီးတော့ ရန်ကုန်-ပဲခူး-ဘားအံပေါ့ အဲဒီတံတားကျော်သွားမှ သထုံရောက်မှ ဘားအံလမ်းခွဲရှိတာကို။ မော်လမြိုင်၊ ဘားအံ၊ မြဝတီကို သွားတဲ့လမ်းကြောင်း၊ နောက် မော်လမြိုင်၊ တနင်္သာရီလမ်းကြောင်းတစ်လျှောက်လုံးက ဒီဘက်နဲ့ အဆက်ပြတ်သွား မယ့်သဘောရှိတာပေါ့။ ကုန်စည်စီးဆင်းမှုအတွက် အရေးပါတာပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။
ယင်းကဲ့သို့ တံတားမိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်းအသုံးပြုကာ သွားလာနေသည့်ယာဉ်များအနေဖြင့် ရပ်တန့်နေရလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါတံတားကို နစက၏ မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်သူ့များ ပြန်လည်အသုံးပြုနိုင်ရေးအတွက် (၂)ရက်အတွင်း အပြီးပြုပြင်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
“ဒီတံတားက ချောင်းလည်းမဟုတ်တော့၊ နည်းနည်းလည်းတိမ်တော့ မြေကြီးဖို့လိုက်မယ်။ (၂)ရက်လျာထားတယ်။ နောက် အကျဆုံး (၃)ရက်ပေါ့။ ဘေလီတံတားမထိုးတော့ဘူးပေါ့။ အဲဒါကို မော်လမြိုင်ဆောက်လုပ်ရေးအဖွဲ့က သွားလုပ်မှာပေါ့။ ပြီးရင်တော့ ကားတွေ ပြန်သွားနိုင်မှာပေါ့” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ထပ်မံပြောသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်း၌ ဖျက်ဆီးခံခဲ့ရသော လမ်းတံတားနှင့် တိုးဂိတ်အဆောက်အဦးပေါင်း (၁၄၈၇)ခုရှိကြောင်း နစကဘက်က ထုတ်ဖော်ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆင်ဘိုမြို့နယ်ခွဲအနီးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း KIA၊ AA ၊ PDF ပူးပေါင်းအဖွဲ့ဝင်(၃)ဦး၏ အလောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်ဆည်းရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း