ဂါဇာစစ်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်ရှိ အစ္စရေးသံရုံးအပြင်ဖက်တွင် လေတပ်တပ်ဖွဲ့ဝင်တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ
Pika (NSS) - ဖေဖော်ဝါရီ ၂၆
အမေရိကန်လေတပ်တွင် တာဝန်ထမ်းဆောင်နေသောအဖွဲ့ဝင်တစ်ဦးသည် ဂါဇာကမ်းမြောင်ဒေသရှိစစ်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ဖေဖော်ဝါရီလ(၂၅)ရက်တွင် ဝါရှင်တန်ဒီစီမြို့ရှိ အစ္စရေးသံရုံးအပြင်ဖက်မှာ ကိုယ့်ကိုယ်ကိုမီးရှို့ခဲ့ကြောင်း သတင်းမီဒီယာ အများအပြားက ရေးသားဖော်ပြခဲ့သည်။
အဆိုပါ ကိုယ့်ကိုယ်ကို မီးရှို့မှုကို လျှို့ဝှက်ဝန်ဆောင်မှုဝန်ထမ်းများက မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထို့အပြင် အဆိုပါအမျိုးသားမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် ဒဏ်ရာများရရှိခဲ့ခြင်းကြောင့် ဆေးရုံသို့ ပို့ဆောင် ထားကြောင်း မီးသတ်နှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုဌာနက ပြောကြားခဲ့သည်။ အဆိုပါအမျိုးသား သည် မီးလောင်ကျွမ်းနေစဉ်အချိန်အတွင်း "Free Palestine" ဆိုသည့်စကားလုံးကို အော်ဟစ်ပြောဆိုခဲ့ကြောင်း တိုက်ရိုက်ထုတ်လွှင့်မှုများကို ကိုးကားပြီး မီဒီယာအများအပြားက ဖော်ပြခဲ့သည်။
အမေရိကန်လေတပ်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးRose M. Riley က "ဒီနေ့ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ တာဝန် ထမ်းဆောင်နေတဲ့အဖွဲ့ဝင်တစ်ဦး ပါဝင်ခဲ့ပါတယ်" ဟု အတည်ပြုပြောခဲ့သည်။
Twitch ပလက်ဖောင်းမှ တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုတစ်ခုတွင် ယင်းအမျိုးသားက ၎င်းအနေဖြင့် လူမျိုးသုဥ်း သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်တော့မည်မဟုတ်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလနှောင်းပိုင်းတည်းက ဂါဇာကမ်းမြောင်ဒေသအပေါ် လုပ်ဆောင်နေသော အစ္စရေး၏ ထိုးစစ်ဆင်မှုများကို ၎င်းက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် ၎င်းအနေဖြင့် ပြင်းထန်သည့် ဆန့်ကျင်ဆန္ဒပြမှုတစ်ခုကို လုပ်ဆောင်တော့မည်ဟု ပြောဆိုခဲ့ကြောင်း လည်း သိရသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသအပေါ် လုပ်ဆောင်နေသော အစ္စရေး၏ ထိုးစစ်ဆင်မှုများကို ဆန့်ကျင်ဆန္ဒပြသည့်အနေဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအပြင်ဖက်မှာ လူတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ခဲ့ဖူးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ