လူငယ်များကို ပေါ်တာဆွဲသွားကြောင်း သတင်းအတိအကျသိရပါက အချိန်မရွေးတိုင်ကြားရန် ဗိုလ်ချုပ်ဇော်မင်းထွန်းပြော
မြူနစ် (NSS) - ဖေဖော်ဝါရီ ၂၅
လူငယ်များကို ပေါ်တာဆွဲသွားကြောင်း သတင်းအတိအကျသိရပါက အချိန်မရွေးတိုင်ကြားရန် နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းက ယမန်နေ့(ဖေဖော်ဝါရီလ ၂၄ ရက်) ညပိုင်းတွင် နိုင်ငံအတွင်း ထွက်ပေါ်နေသည့် ကောလာဟလသတင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အာဏာတည်ကြောင်း အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်းတွင် လူထုကြားစိုးရိမ်မှုများဖြစ်ပေါ်ကာ ယခုကဲ့သို့ ကောလာဟလများလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ချိန်တွင် ပြည်ဖျက်မီဒီယာ၊ အကြမ်းဖက်အဖွဲ့များ အားလုံးအနေဖြင့် လူငယ်တိုင်း ချက်ချင်းတပ်ထဲဝင်ကာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရတော့မည်သကဲ့သို့ ခြောက်လှန့်မှုများရှိခဲ့သည်ဟု နစကပြောခွင့်ရက ဆိုသည်။
“ဒီဟာတွေကတော့ လူငယ်တွေ ဘယ်နေရာမှာ ပျောက်သွားတယ်တို့၊ ဘယ်နေရာမှာ ဖမ်းဆီးခံရတယ်တို့၊ ဘယ်နေရာမှာ အတင်းအဓမ္မ စစ်သားစုဆောင်းနေပြီတို့၊ ဘယ်နေရာမှာ ပေါ်တာဆွဲနေပြီဆိုတဲ့ ကောလာဟလ ထုတ်လွှင့်ချက်များ ဆက်တိုက်ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်။ အခြေအမြစ်မရှိတဲ့ ဟာတွေပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်းပြောကြားချင်တာက ဘယ်နေရာမှာ နာမည်ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်။ ဘယ်နေရမှာ နာမည်ဘယ်သူနဲ့ လူငယ်တွေ ပျောက်ဆုံးနေတယ်။ ဘယ်နေရာမှာ နာမည်ဘယ်သူနဲ့လူငယ်အဖွဲ့တွေကို ပေါ်တာဆွဲသွားတယ်ဆိုတာ သိရရင်၊ သတင်းတိကျတယ်ဆိုရင် ကျွန်တော်တို့ပေးထားတဲ့ ဖုန်းနံပါတ်များ ရှိပါတယ်။ အချိန်မရွေး ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်မှုထမ်းဥပဒေ အာဏည်တည်လိုက်ခြင်းသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေး၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားများ တောင့်တင်စေရေးအတွက် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ၀၆၇-၃၄၀၄၉၁၁၊ ၃၄၀၄၉၂၂၊ ၃၄၀၄၉၃၃၊ ၃၄၀၄၉၄၄၊ ၃၄၀၄၉၅၅ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း နစကဘက်က အသိပေးထုတ်ပြန်ထားသည်။
သို့သော် စုံစမ်းမေးမြန်းခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေးဆက်သွယ်လာသော ဖုန်းနံပါတ်များကို မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကဒ်များကို ပိတ်သိမ်းသွားမည်ဟုလည်း နစကမှ သတိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားအတိုက်ခံခေါင်းဆောင်ရဲ့ရုပ်အလောင်းကိုမိခင်ဖြစ်သူထံ ပြန်လွှဲပြောင်းပေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း