ရန်ကုန်မြစ်ဝမှတစ်ဆင့် မလေးရှားနိုင်ငံသို့သယ်ဆောင်မည့် ငွေကျပ်(၄၅) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ
NSS - ဖေဖော်ဝါရီ ၂၅
ရန်ကုန်မြစ်ဝမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သယ်ဆောင်သွားမည့် ငွေကျပ် (၄၅)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
တပ်မတော်(ရေ)မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်၊ ည(၉)နာရီ အချိန်တွင် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ ပင်လယ်ပြင်၌ “မင်းထက်သာ-၃” အမည်ရှိ စက်လှေအား သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေခဲ့ရာ စက်လှေပေါ်မှ ငြိမ်းချမ်းလွင်၊ ကျော်လင်းထွန်း(ခ)ကျော်ကြီး၊ လှမြင့်ထွန်းနှင့် ရဲကျော်သူ(ခ)ကိုရဲတို့ (၄)ဦးအား တန်ဖိုးငွေကျပ် ၄၅ ဒသမ ၄၃ ဘီလျံ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ဒသမ ၂၉၈ တန်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည့် အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းသို့ သယ်ဆောင်ပြီး ရန်ကုန်မြစ်ဝမှတစ်ဆင့် ပင်လယ်ရေကြောင်းအသုံးပြု၍ မလေးရှားနိုင်ငံရေပိုင်နက်သို့ သယ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ ဖေဖော်ဝါရီလ ၁၉ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုရပ်ကွက်၊ ၁၄၁ လမ်း(တပင်ရွှေထီးလမ်း)၊ ၆၄ x ၆၅ လမ်း ကြားရှိ ကျော်စွာဝင်းဆိုသူ ငှားရမ်နေထိုင်သည်နေအိမ်အား သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။ ထိုသို့ ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ အေးချမ်းသူနှင့် မျိုးမင်းသိမ်းတို့အား တွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့် NISSAN DIESEL အမျိုးအစား ၁၂ ဘီး မော်တော်ယာဥ်ပေါ်မှ တန်ဖိုးငွေကျပ်သိန်း ၂၀၆၂ ဒသမ ၅ တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၈ ဒသမ ၂၅ ကီလိုနှင့် ALPHARD အမျိုးအစား မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့သုံးဦးအား စက်မှုနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး စိတ်ပျက်အားလျော့ခြင်းမျိုးမဖြစ်စေလိုကြောင်း မဟာမိတ်တွေနဲ့ ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့အကြီးအကဲ တောင်းဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း