ဗြိတိန်အစိုးရက အစ္စရေးသို့ လက်နက်ရောင်းချမှုများကို ကန့်သတ်ပိတ်ပင်သွားနိုင်ဖွယ်ရှိနေကြောင်း Bloomberg ဖော်ပြ
Pika (NSS) - ဖေဖော်ဝါရီ ၂၃
အစ္စရေးအစိုးရအနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ရာဖဲလ်မြို့ကို ထိုးစစ်ဆင်ခြင်း (သို့မဟုတ်) ထောက်ပံ့ရေး ထရပ်ကားများ ဝင်ရောက်ခြင်းကို ဆက်လက်ဟန့်တားနေမည်ဆိုပါက အစ္စရေးသို့ လက်နက်တင်ပို့မှုအချို့ကို ဗြိတိန်အစိုးရက ကန့်သတ်ပိတ်ပင်သွားရန် စဉ်းစားနေကြောင်း နီးစပ်သောသတင်းရင်းမြစ်များ၏ ပြောကြားချက် ကို ကိုးကားပြီး Bloomberg သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားပြည်သူများ ထိခိုက်မှုမရှိအောင် လုပ်ဆောင်ရန် မကြိုးပမ်းဘဲ ထိုးစစ်ဆင်မှုများကို ချဲ့ထွင်နေခြင်းက နိုင်ငံတကာဥပဒေကို ချိုးဖောက်နေခြင်းမျိုးသာဖြစ်ကြောင်း လည်း ရေးသားဖော်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်ဆင်မှုများကြောင့် လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး (၂၉၃၁၃)ဦး သေဆုံးခဲ့ပြီး အခြားလူ(၆၉၃၃၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။
ဟားမက်လက်နက်ကိုင်အဖွဲ့သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးကို ဒုံးကျည်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးလူမျိုး(၁၂၀၀)ကျော် သေဆုံးခဲ့ပြီး အခြား(၂၅၃)ဦးမှာ ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရကြောင်း သိရသည်။
ဟားမက်လက်နက်ကိုင်အဖွဲ့သည် လက်ရှိအချိန်အထိ လူ(၁၃၄)ဦးကို ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။ အစ္စရေး-ဟားမက်စစ်ပွဲ ပိုမိုပြင်းထန်လာမည်ဆိုပါက အစ္စရေးသို့ စစ်လက်နက်ပစ္စည်းများ နှင့် နည်းပညာများ ရောင်းချမှုအချို့အပေါ် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
ထို့အပြင် ပါလက်စတိုင်းဒုက္ခသည်များ၏ နောက်ဆုံးခိုလှုံရာဖြစ်သော ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းရှိ ရာဖဲလ်မြို့ကို အစ္စရေးကထိုးစစ်ဆင်မှုများ လုပ်ဆောင်နိုင်သည့် အလားအလာများနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့သည်။
ဒေးဗစ်ကင်မရွန်းက "ရာဖဲလ်မြို့ကို အစ္စရေးက အင်အားအပြည့်နဲ့ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျိုးသက်ရောက်မှုတွေ ဆိုးဆိုးရွားရွားဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပါကစ္စတန်အစိုးရသစ်လက်ထက် အိန္ဒိယ-ပါကစ္စတန်ဆက်ဆံရေး၏ အလားအလာ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ