အစ္စရေးတို့ Rafah မြို့ကို ပစ်မှတ်ထားတိုက်ခိုက်ရန် သေချာလာသည်နှင့်အမျှ မြို့နေပြည်သူများ စိုးရိမ်စိတ်ကြီးထွားလာ
ALynn (NSS) - ဖေဖော်ဝါရီ ၁၅
ဂါဇာ၏ တောင်ဘက်အကျဆုံးမြို့ Rafah တွင် ရွှေ့ပြောင်းလာသူများ၊ ငတ်မွတ်ခေါင်းပါးသူများဖြင့် ပြည့်ကျပ်လျက်ရှိနေသည်။ စစ်ပွဲမတိုင်မီက Rafah တွင် လူဦးရေ ၂၅၀,၀၀၀ ခန့်သာရှိသော်လည်း ယခုအခါ ၁ ဒသမ ၄ သန်းကျော်လာခဲ့ပြီး ယင်းမှာ ဂါဇာလူဦးရေ၏ ထက်ဝက်ကျော်ဖြစ်နေသည်။
အများစုမှာ ပါလက်စတိုင်းပြည်သူများဖြစ်ပြီး အစ္စရေးတပ်ဖွဲ့၏ ဗုံးကျဲတိုက်ခိုက်မှုနှင့် အပြင်း အထန်ထိုးစစ်များကို ကာကွယ်ရန် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။ ယခုအခါ Rafah သည် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ပစ်မှတ်တစ်ခုဖြစ်လာနိုင်ပြီး ဟားမာ့စ်တို့ကို ဖြုတ်ချ ရန်အတွက် နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်နေသည်။ ထို့ကြောင့် Rafah တွင် ခိုလှုံနေသော ပြည်သူများအနေဖြင့် မည်သည့်နေရာကို ပြောင်းရွှေ့နေထိုင်ရမည်ကို အသည်းအသန်စဉ်းစား နေရပြီဖြစ်သည်။
ဂါဇာပြည်သူများသည် အစ္စရေးတို့က မြောက်ပိုင်း နှင့် အလယ်ပိုင်းတို့ကို ထိန်းချုပ်ထားခြင်း ကြောင့် တောင်ဘက်ပိုင်းရှိ Rafah ကို တဖြည်းဖြည်း ရွှေ့ပြောင်းနေထိုင်လာကြသည်။ ပါလက်စတိုင်းတို့သည် Rafah ကို နောက်ဆုံးခိုလှုံရာအဖြစ်သတ်မှတ်ထားသော်လည်း ယခု သီတင်းပတ်အတွင်း အစ္စရေးက Rafah သည် ဟားမာ့စ်တို့ခိုအောင်းရာအဖြစ် ထင်မြင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့်အတွက် Rafah သည် တရားဝင်ပစ်မှတ်ဖြစ်လာခဲ့သည်။ ဖေဖော် ဝါရီလ ၉ ရက်တွင် အစ္စရေးအစိုးရရုံးက “Rafah ရှိ ဟားမာ့စ်တပ်ရင်း ၄ ခုကို ချန်လှပ်ထားခြင်းဖြင့် စစ်ပွဲ၏ အောင်မြင်မှုပန်းတိုင်ကို ရယူဖို့ မဖြစ်နိုင်ကြောင်း” ဖော်ပြခဲ့သည်။
ယင်းမှာ လူပေါင်း ၁၂၀၀ သေဆုံးပြီး ၂၄၀ ခန့် ပြန်ပေးဆွဲခံရသည့် ဟားမတ်စ်တို့၏ အောက်တိုဘာ လ ၇ ရက် အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်သည့် အစ္စရေး၏ စစ်ဆင်ရေးနောက်ဆုံးအဆင့် ဖြစ်လာနိုင်သည်။ အစ္စရေးက စစ်ဆင်ရေးအတွင်း ပစ်မှတ်တဝိုက်ရှိ အရပ်သားများကို သတိပေးရန် ဖုန်းခေါ်ဆိုခြင်း၊ လက်ကမ်းစာစောင်များချပေးခြင်းတို့ကို အချိန်ယူဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။ ဂါဇာရှိ ပြည်သူ ၁ ဒသမ ၇ သန်းခန့်သည် ယင်းသတိပေးချက်များကို သိရှိပြီး ဖြစ်၍ လတ်တလောတွင် အပြောင်းအရွှေ့များ ပြုလုပ်နေပြီဖြစ်ကြောင်း UN က ဆိုသည်။ ပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူများ၏ ဖော်ပြချက်အရ စစ်ပွဲအတွင်း သေဆုံးခဲ့သည့် ပါလက်စတိုင်းအရေအတွက်မှာ ၂၈,၀၀၀ ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်ပွဲသည် ဂါဇာကမ်းမြောင်၏ ဆိုးရွားလှသော လူသားချင်းစာနာထောက်ထားမှု အခြေအနေအား မကြုံစဖူး အကျပ်အတည်းအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ “လူတိုင်းသည် ရေ၊ အစားအစာနှင့် အခြားသော အခြေခံပစ္စည်းများ ပြတ်လပ်မှုဘေးဒုက္ခနှင့် ကြုံတွေ့နေရကြောင်း” ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ ကုလသမဂ္ဂနှင့် အခြား အကူအညီပေးရေး အေဂျင်စီများက ဖော်ပြကြသည်။ ယင်းအခြေအနေနှင့်ပတ်သက်၍ အစ္စရေးစစ်တပ်အတွက် ရန်ပုံငွေနှ င့် လက်နက်အများဆုံး ပံ့ပိုးပေးနေသည့် အမေရိကန်ပင်လျှင် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
“NBC news, February 15, 2024, 'Where do we go?' Desperation grows in Rafah as Israeli ground assault looms”ကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ