မီးဖိုချောင်သုံးဂတ်စ် အပါအဝင် ထိုင်းကုန်စည်များ ဈေးအနည်းငယ်ပြန်ကျလာ
NSS - ဖေဖော်ဝါရီ ၁၅
မီးဖိုချောင်သုံးဂတ်စ်အပါအဝင် ထိုင်းနိုင်ငံဘက်မှတင်သွင်းနေသော ကုန်စည်ဈေးနှုန်းများ ရန်ကုန်ဈေးကွက်တွင် အနည်းငယ်ပြန်ကျလာကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိအချိန်တွင် ထိုင်းကုန်စည်များသည် ရန်ကုန်သို့ မြဝတီလမ်းကြောင်းအစား ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် ပင်လယ်ရေကြောင်းကို အသုံးပြုကာ စက်လှေများဖြင့် ဝင်ရောက်နေရခြင်းဖြစ်ကြောင်း သိရသည်။
“ကော့သောင်းကနေ ဟိုးအရင် ၁၅ နှစ်ကျော်ကတည်းက ထိုင်းကုန်တွေ မြန်မာပြည်ကို တင်ပို့နေတာ။ မြဝတီ-ကော့ကရိတ် အာရှလမ်းပြီးသွားတော့ ကုန်သွယ်မှု ပုံစံပြောင်းသွားတာ။ အခုတော့အရင်တုန်းကလို စက်လှေတွေ နဲ့ ကုန်ကူးရတဲ့ခေတ်ပြန်ရောက်နေတယ်။ ကရင်ပြည်နယ်မှာတိုက်ပွဲတွေ မငြိမ်သက်ရင်တော့ ပင်လယ်လမ်းကြောင်းပဲ သုံးရမှာ”ဟု ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်တစ်ဦးက NSS ကိုပြောသည်။
မီးဖိုချောင်သုံးဂတ်စ်များသည်လွန်ခဲ့သော နှစ်လခန့်ကတစ်ပိသာလျှင် ရှစ်ထောင်ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ပြီး လက်ရှိတွင် ကုန်စည်များပြန်လည်ဝင်ရောက်လာခြင်းကြောင့် တစ်ပိသာလျှင် ၅၂၅၀ ကျပ်အထိ ကျဆင်းလာသည်။ ထိုင်းနိုင်ငံထုတ်လူသုံးကုန်ပစ္စည်းအများစုသည် မြဝတီလမ်းကြောင်းအစား အခြားနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် ကုန်သွယ်နေပြီး ရန်ကုန်မှတဆင့် တစ်နိုင်ငံလုံးသို့ ဖြန့်ချိနေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံတစ်နိုင်ငံလုံး နယ်စပ်ကုန်သွယ်မှု၏ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ ထိုင်းနိုင်ငံမှ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းလျက်ရှိပြီး မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်၊ ပဲ၊ နှမ်း၊ ပြောင်း၊ သီးနှံမျိုးစုံ နှင့် ရေထွက်ကုန် အပါအဝင် ကုန်စည်မျိုးစုံ တင်ပို့နေသည်။ မြန်မာ - ထိုင်းနယ်စပ်တွင် ကုန်သွယ်ရေးစခန်း (၉) ခုရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂ဝ၂၈ ခုနှစ်တွင် BRICS အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးက G7 အဖွဲ့ဝင်နိုင်ငံများကို ကျော်တက်သွားလိမ့်မည်ဖြစ်ကြောင်း (NDB) ဘဏ်အကြီးအကဲပြော
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း