ယူကရိန်းနိုင်ငံ ခါကစ်ဗ်မြို့ကို ရုရှားတပ်ဖွဲ့များက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ်(၃)ဦး အပါအဝင် အနည်းဆုံးလူ(၇)ဦးသေဆုံး
Pika (NSS) - ဖေဖော်ဝါရီ ၁၁
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံ ခါကစ်ဗ်မြို့ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ကလေးငယ် (၃)ဦး အပါအဝင် အနည်းဆုံးလူ(၇)ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက ဖေဖော်ဝါရီလ(၁၀) ရက်တွင် ပြောကြားခဲ့သည်။
ရုရှားတပ်ဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် အခြေခံအဆောက်အဦးများနှင့် လူနေအိမ်များ ပျက်စီးခဲ့ပြီး မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ခါကစ်ဗ်မြို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Oleh Synehubov က "ရုရှားတပ်ဖွဲ့တွေဟာ ဖေဖော်ဝါရီလ(၉)ရက်နှောင်းပိုင်းမှာ ခါကစ်ဗ်မြို့ကို ဒရုန်းတွေနဲ့တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး အရပ်ဘက်အခြေခံအဆောက်အဦးတွေ ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပါတယ်။ ခါကစ်ဗ်မြို့အရှေ့ပိုင်း က လူနေအိမ် အနည်းဆုံး(၁၅)လုံးလည်း ပျက်စီးသွားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်(၃)ဦး အပါအဝင် လူ(၇)ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ကလေးလေးတွေဟာ (၆)လအရွယ်၊ (၄)နှစ် နဲ့ (၇)နှစ်အရွယ် ကလေးလေးတွေဖြစ်ပါတယ်။ အခြားလူ(၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်" ဟု ပြောခဲ့သည်။
ယူကရိန်းနိုင်ငံ အရှေ့မြောက်ဘက် ခါကစ်ဗ်ဒေသ နှင့် တောင်ဖက်ရှိ အိုဒီဆာဒေသတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော ရုရှား၏ဒရုန်း(၃၁)စင်းအနက် (၂၃)စင်းကို လေကြောင်းရန် ကာကွယ်ရေးစနစ်များက အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် မီးသတ်သမား များ နှင့် ကယ်ဆယ်ရေးသမားများသည် မီးငြိမ်းသတ်ခြင်းများ နှင့် အပျက်အစီးများ ရှင်းလင်းခြင်းတို့ကို ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်းကတည်းက ခါကစ်ဗ်မြို့သည် ရုရှား၏ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို မကြာခဏခံခဲ့ရကြောင်းလည်း သိရသည်။ အိုဒီဆာဒေသရှိ ပင်လယ်နက်ဆိပ်ကမ်းတွင်လည်း ဒရုန်းဖြင့်တိုက်ခိုက်မှုများကြောင့် အနည်စးဆုံးလူ(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၌ စက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ရေနံဓာတုစက်ရုံများပါ တည်ဆောက်သွားမည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ